“ကျနော့်ကို ဗဟိုက မဲပေးမှုအသိပညာပေး စာရွက်လေးတွေကို သြဂုတ်၂၉ ရက်နေ့မှာ လာပေးသွားတယ် ၊ ကျနော်လည်း အဲဒါလေးတွေကို ၃၀ ရက်နေ့က စဖြန့်ဝေတယ် ၊ ၃၁ ရက်နေ့မှာလည်း ဆက်ဖြန့်တယ် ၊ ဒီလ ၁ ရက်နေ့ညနေ ၃ နာရီကျော် လောက်မှာ ဒလရဲစခန်းမှူးကိုယ်တိုင် ကျနော့်အိမ်ကို ရောက်လာပြီး စခန်းခေါ်သွားတယ်"ဟု အထိန်းသိမ်းခံခဲ့ရသူ ဦးထွန်းရင်က ပြောသည်။
ဒလရဲစခန်းအတွင်း စစ်မေးမှုများပြုလုပ်နေစဉ် ညနေ ၄ နာရီခွဲခန့်တွင် ဦးထွန်းရင် မူးမေ့လဲကျသွားသဖြင့် ဆေးရုံသို့ ရဲက ပို့ဆောင်ပေးခဲ့ပြီး ညနေ ၆ နာရီခွဲတွင် ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်၍ စစ်မေးခဲ့ကြောင်းသိရသည်။
“အဲဒီလိုနဲ့သူတို့သိချင်တာတွေ မေးနေတုန်း ည ၈ နာရီခွဲလောက်မှာ ကျနော်အားနည်းလာပြီး မူးလဲသွားပြန်လို့ ဆေးရုံတက် လိုက်ရတယ် ၊ ဆေးရုံတင်ထားတုန်းမှာ ဒီကိစ္စကို နေပြည်တော်တင်ထားတယ်တဲ့ ၊ ဟိုက ပြန်ခွင့်ပြုတဲ့အချိန်မှာ ပြန်ခွင့်ပြုမယ်လို့ ရဲက ပြောတယ် ၊ တညလုံးဆေးရုံ တက်ခဲ့ရပြီး မနက် ၁၀ နာရီလောက်မှာ ကျနော့်ကို ပြန်ခွင့်ပေးလိုက်ပါတယ်"ဟု ဦးထွန်းရင်က ပြောသည်။
ဦးထွန်းရင်ဖြန့်ဝေခဲ့သော စာရွက်များတွင် နိုင်ငံသားတဦးသည် လွတ်လပ်စွာမဲပေးခွင့်ရှိသည် ၊ နိုင်ငံသားတိုင်းသည် မဲမပေးဘဲ လည်း နေနိုင်ခွင့်ရှိသည် ၊ အတင်းအကျပ် မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ရာရောက်သည် ဆိုသည့် အချက် ၃ ချက်ကို ရေးသားထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကိုလည်း ယှဉ်တွဲဖော်ပြထားကြောင်းသိရသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီထပ်မံ မှတ်ပုံမတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ယခုလ ၁၉ ရက်တွင် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့နောက် NLD ဗဟိုက ပြည်နယ်နှင့်တိုင်းအသီးသီးရှိ ၄င်းတို့၏ အဖွဲ့ဝင်များနှင့် ထိတွေ့ကာ မဲပေးပိုင်ခွင့်ဆိုင်ရာ ဥပဒေများနှင့် ပါတီရှေ့လုပ်ငန်းစဉ်များကို လှည့်လည်ပြောဆိုခဲ့ပြီး မြို့နယ်ပါတီဝင်များက မဲပေးခွင့်ဆိုင်ရာ ဥပဒေများကို လူထုသိရှိရန် ရှင်းလင်း ပြောဆိုခဲ့သည်။
ထိုကဲ့သို့ မဲပေးပိုင်ခွင့်ဆိုင်ရာ ဥပဒေအချက်အလက်များ ဖြန့်ဝေခြင်းနှင့်စပ်လျဉ်း၍ အာဏာပိုင်များက ဒလမြို့နယ် NLDအတွင်းရေးမှူးကို ပထမအကြိမ် ခေါ်ယူ စစ်မေးခဲ့ခြင်းဖြစ်သည်။
Set as favorite
Bookmark
Email this
Hits: 4130
Comments (0)

Write comment
| < Prev | Next > |
|---|







