DVB နိုဗဲလ်ဆု အမည်စာရင်း တင်သွင်းခံရ

E-mail Print
ပြည်ပအခြေစိုက် မြန်မာ သတင်းဌာန တခုဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သည် ၂၀၁၀ နိုဗဲလ် ငြိမ်းချမ်းရေး ဆုအတွက် အမည်စာရင်း တင်သွင်းခံရကြောင်း သိရှိရသည်။

DVB သတင်းဌာန ထိုင်းနိုင်ငံ ဌာနခွဲ တာဝန်ခံဖြစ်သူ ဦးတိုးဇော်လတ်က ယခုကဲ့သို့ အမည်စာရင်းတင်သွင်းခံရခြင်းသည် မြန်မာ့နိုင်ငံရေး၊ မြန်မာနိုင်ငံမှ သတင်းလွတ်လပ်ခွင့်၊ မြန်မာ့ မီဒီယာအခန်းကဏ္ဍတို့အပေါ် ကမ္ဘာက အာရုံစိုက်လာခြင်း တမျိုး ဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။

dvb_bu“ဗမာပြည်ထဲမှာ အရိုက်နှက်ခံ၊ ထောင်ကျခံပြီးတော့ ပြည်တွင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အန္တရာယ်ကြားထဲက သတင်းပို့နေတဲ့ သတင်းထောက်တွေကို အသိအမှတ်ပြု ခံရတာပါ။ ဆု ရတာ၊ မရတာက တပိုင်းပါ။ ဒါပေမယ့် အခုလိုမျိုး အသိအမှတ်ပြု ခံရတယ်ဆိုတော့ ဝမ်းလည်းသာပါတယ်၊ ဂုဏ်လည်းယူပါတယ်” ဟု ဦးတိုးဇော်လတ်က ဆိုသည်။

နိုဗဲလ်ဆုအတွက် နောက်ထပ် အမည်စာရင်းတင်သွင်းခံရသော အဖွဲ့အစည်း တခုဖြစ်သည့် Peace Research Institute Oslo (PRIO) ၏ ဒါရိုက်တာဖြစ်သူ မစ္စတာ ဟာ့ပ်ဗီကင်က DVB သတင်းဌာနသည် သတင်းလွတ်လပ်ခွင့်မရှိသော မြန်မာနိုင်ငံမှ သတင်းများကို လွတ်လပ်စွာ ထုတ်လွှင့်ပေးနေသည့် သတင်းဌာနတခု ဖြစ်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။

PRIO သည် အာဖဂန်နစ္စတန်နိုင်ငံမှ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် လှုပ်ရှားခဲ့သောကြောင့် ယခုကဲ့သို့ အမည်စာရင်း တင်သွင်းခံရခြင်း ဖြစ်သည်ဟု ၎င်း ဒါရိုက်တာက နော်ဝေအခြေစိုက် သတင်းစာများသို့ ပြောဆိုထားကြောင်း Views and News from Norway သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း ၁၉၉၁ ခုနှစ်တွင် နိုဗဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပြီး နောက်ဆုံးအကြိမ်အဖြစ် ၂၀၀၉ ခုနှစ်တွင် ဆုချီးမြှင့်ခံရသူမှာ လက်ရှိ အမေရိကန်သမ္မတ ဘားရက် အိုဘားမား ဖြစ်သည်။

၂၀၁၀ နိုဗဲလ်ငြိမ်းချမ်းရေးဆု အတွက် အမည်စာရင်းတင်သွင်းခြင်းခံရသူ ၂၃၇ ဦးရှိပြီး ၎င်းတို့တွင် အဖွဲ့အစည်း ၃၈ ခု ပါဝင်ကြောင်း၊ ယခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းမှုသည် ယခင်နှစ်များနှင့် ယှဉ်လျှင် အရေအတွက် အမြင့်ဆုံး ဖြစ်ကြောင်း နော်ဝေနိုင်ငံ အခြေစိုက် နိုဗဲလ် ကော်မတီမှ ဒါရိုက်တာဖြစ်သူ မစ္စတာ ဂီယာ လန်ဒီစတက်က ကြေညာထားသည်။

ယခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုများအတွက် အမည်စာရင်းတင်သွင်းခံရသူများတွင် ဇင်ဘာဘွေနိုင်ငံမှ ဒီမိုကရေစီအရေး လှုပ်ရှားသူ မော်ဂင် ချန်ဂရိုင်း၊ တရုတ်နိုင်ငံမှ လူ့အခွင့်အရေး လှုပ်ရှားသူ လျူရှောင်ဘို၊ ဗီယက်နမ်နိုင်ငံမှ ဘုန်းတော်ကြီး သစ်ခ်ကွမ်ဒိုး တို့ပါဝင်ကြောင်းလည်း သိရသည်။

၁၈၃၃ ခုနှစ်တွင် ဖွားမြင်ခဲ့သူ ဆွီဒင်နိုင်ငံသား အဲဖရက် နိုဗဲလ် သည် ဒိုင်းနမိုက်၊ မြေမြုပ်မိုင်း တို့ကို ထုတ်လုပ်ကာ ချမ်းသာ ကြွယ်ဝလာသူဖြစ်ပြီး စစ်အာဏာရှင်စနစ်နှင့် စစ်ပွဲများကိုဆန့်ကျင်သူများ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်သူများတို့ကို ထောက်ပံ့ချီးမြှင့်ရန် စီစဉ်ခဲ့သည်။

အဲဖရက် နိုဗဲလ်သည် ငြိမ်းချမ်းရေး၊ စာပေ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ သက်ရှိသဘာဝနှင့် သက်ဆိုင်သော ဇီဝကမ္မဗေဒ (Physiology) စသည့် နယ်ပယ်များ၌ ကျွမ်းကျင်သူများကို ဆုချီးမြှင့်မည့် အစီအစဉ်များပါဝင်သော သေတမ်းစာ တစောင်ကို ၁၈၉၅ ခု၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အပြီးသတ် ရေးသားခဲ့သည်။

နိုဗဲလ်ငြိမ်းချမ်းရေးဆုကို ၁၉၀၁ ခုနှစ်မှ စတင်ကာ နှစ်စဉ်မပျက် ချီးမြှင့်ခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် နိုဗဲလ်ဆု ချီးမြှင့်ခံရသူ များမှာ ကြက်ခြေနီ အဖွဲ့ကို စတင်တည်ထောင်သူ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်နှင့် ပထမဆုံး ပြင်သစ်ငြိမ်းချမ်းရေး လူမှုအသိုင်းအဝန်း (First French Peace Society) ကို တည်ထောင်သူ ဖရက်ဒရစ် ပက်စီ တို့ဖြစ်ကြသည်။

DVB သတင်းဌာနမှ သတင်းထောက်များ အဓိက လှုပ်ရှားခဲ့ကြသည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအကြောင်း ရိုက်ကူးထားသည့် Burma VJ အမည်ရ ရုပ်သံမှတ်တမ်းသည်လည်း ယမန်နှစ် အော်စကာဆုပေးပွဲတွင် ဆန်ခါတင် အဆင့်အထိ ရောက်ရှိခဲ့သည်။
Comments (1)Add Comment
0
Great! Congrat and wish u all the best
written by Sit Thet Hmu, September 29, 2010
They should get the prize as they are the greatest media for Burma, I mean they can broadcast from the Satellite, the most touchable media with the Burmese people in Burma, who are not able to read news from internet.

Congratulation and wish DVB all the best

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်