“ရခိုင်ပြည်နယ်ဘက်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာတောင် မသိတဲ့သူတွေ အများကြီးရှိနေတယ်။ သိပေမယ့်လည်း ကြောက်တဲ့သူတွေ ရှိတယ်။ နိုင်ငံရေးပါတီ ၀င်ဖို့မပြောနဲ့ မဲထည့်ဖို့ ဆိုတာကို တော်တော်လေး စိုးရိမ်ကြတာတွေ့ရတယ်။ လူတွေက နိုင်ငံရေးဆိုတာကို တော်တော်လေး ကြောက်ရွံ့သွားကြတာပဲ” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးဦးလှစောက ပြောသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ ကျောက်ဖြူခရိုင်တွင် မာန်အောင်ကျွန်းမှလွဲ၍ ကျန် ၃ မြို့နယ်မှ ဒေသခံများသည်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မသိကြကြောင်း၊ ဒေသခံများနေဖြင့် ရွေးကောက်ပွဲအပေါ် မယုံကြည်ကြောင်း၊ နိုင်ငံရေးပါတီများမှ စည်းရုံးရေးဆင်းရာတွင် နယ်ခံ သတင်းတပ်ဖွဲ့များက နိုင်ငံရေးသမားမျာကို လိုက်လံစောင့်ကြည့်နေ၍ ဒေသခံများက ကြောက်ရွံ့မှုရှိသည်ကို တွေ့ရကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရခိုင်ပြည်နယ် စည်းရုံးရေးမှူး မာန်အောင်ကျွန်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းမြင့်က ပြောသည်။
“ ကျောက်ဖြူ၊ အမ်း၊ ရမ်းဗြဲ ဒီမြို့နယ်တွေက ဒေသခံတွေလည်း တောင်ကုတ်မြို့နယ်က ဒေသခံတွေလိုပါပဲ။ သူတို့စိတ်ထဲမှာ နိုင်ငံရေးလုပ်တယ်ဆိုတာ အဖဖ်းခံရဖို့၊ ရာဇ၀တ်မှုနဲ့ နီးတယ်လို့ မြင်နေကြတယ်။ နယ်မြေခံ သတင်းတပ်ဖွဲ့တွေက လုံခြုံရေး အဟန့်အတား အနှောက်အယှက်တွေကြောင့် ပါတီအစည်းအဝေးဆို မတက်ရဲတာတွေ ရှိတယ်။ တောင်ကုတ်မြို့မှာရှိတဲ့ ဆွေမျိုးအရင်းအချာ ကိုယ်တိုင်က ကျနော့်ကို သူတို့အိမ်မှာ ၁ နာရီ အတည်းမခံဘူး။ လူထု ကိုယ်တိုင်ကလည်း အဲဒီလို မြင်နေတော့ စည်းရုံးလို့ မရဘူး” ဟု ဦးထွန်းမြင့်က ပြောသည်။
ရခိုင်ပြည်နယ်တွင်သာမက တခြားပြည်နယ်များတွင်လည်း အလားတူ ဖြစ်လျက်ရှိကြောင်း နိုင်ငံရေးပါတီများက ပြောဆိုကြသည်။
ကယားပြည်နယ်တွင်နေထိုင်ကြသူ အများစုမှာလည်း လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုသည်ကို မသိကြကြောင်း ကယားပြည်နယ် ဒီမောဆိုးမြို့တွင် နေထိုင်သူတဦးက ပြောသည်။
“အဲဒီဘက်မှာက သတင်းစာလည်း မရောက်ဘူး၊ ယူလည်း မယူကြဘူး။ ဂျာနယ်တွေ ဘာတွေလည်း မရောက်တော့ မသိကြဘူး။ ကျနော်တို့တောင်မှ ဒီဘက်ရောက်မှ သူများတွေပြောလို့ သိကြတာပါ” ဟု ကယားတိုင်းရင်းသားတဦးက ပြောသည်။
ကယားပြည်နယ်တွင် ကယား၊ ဂေခို၊ ဂေဘား၊ ပဒေါင် (ခေါ်) ကယန်း၊ ပရဲ့၊ မနုမနော၊ ယင်းနော်၊ ယင်းတလဲ၊ ပကူကရင်နှင့် ရှမ်းတို့ နေထိုင်ကြပြီး ကရင်နှင့် မြန်မာများလည်း ရှိကြောင်း သိရှိရသည်။
မွန်ပြည်နယ် ၁၀ မြို့နယ် ရှိသည့်အနက် ကျိုက်မရောမြို့နယ်မှသာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါက်တာ မြင့်ဆွေက ပြောသည်။
“ကျနော့်အနေနဲ့ ပါတီမှာ မွန်ပြည်နယ်စည်းရုံးရေမှူး တာဝန်ယူထားတော့ ဟောပြောပွဲလေး လုပ်တယ်။ နောက်ဆုံးအချိန်အထိ တယောက်မှ ပေါ်မလာဘူး။ စည်းရုံးရေးအနေနဲ့ ပြောရင်လည်း ပြည်သူတွေမှာ အကြောက်တရား ရှိနေသေးတယ်၊ နိုင်ငံရေးလုပ်တယ်ဆိုတာကို နာမလည်တဲ့သူတွေကို တော်တော်ရှင်းပြရပါတယ်။ နောက် ရွေးကောက်ပွဲအတွက် တော်တော် စဉ်းစားနေတဲ့သူတွေလည်း ရှိတယ်” ဟု ဆိုသည်။
ပဲခူးတိုင်း အနောက်ခြမ်းရှိ ဇီးကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးကလည်း “ကျွန်တော်ယှဉ်ပြိုင်ရမှာ ဇီးကုန်း၊ နတ္တလင်း၊ ကြို့ပင်ကောက်မှာ ယှဉ်ရမှာဖြစ်တဲ့အတွက် နယ်မြေကျယ်ဝန်းပါတယ်။ ရောက်လေရာမှာ လူထုရဲ့ ၈၀ ရာခိုင်နှုန်းလောက်က စိုးရိမ်နေတာတွေ၊ ကြောက်နေတာတွေ ရှိနေတယ်။ တချို့ကလည်း မဲမပေးရင် မရဘူးလား မေးတဲ့သူရှိတယ်။ အဲဒီလိုလူတွေကို မဲမပေးရင် ဘယ်လိုဖြစ်နိုင်တယ်ဆိုတာ ပြန်ရှင်းနေရတာက အခက်အခဲတခုပါပဲ” ဟု ပြောကြားသည်။
Set as favorite
Bookmark
Email this
Hits: 2809
Comments (0)

Write comment
| < Prev | Next > |
|---|







