DVB ၏ ထိုင်းဌာနခွဲ တာဝန်ခံဖြစ်သူ ဦးတိုးဇော်လတ်က “ဆုရွေးချယ်ရေး အဖွဲ့က ဒါလောက်အဖွဲ့တွေ လူတွေအများကြီး ရှိတဲ့အထဲမှာ ကျနော်တို့ကိုရွေးတယ်ဆိုတော့ ပိုရင်ခုန်တယ်၊ ပို ဝမ်းသာပါတယ်။ ဒါက မြန်မာ့ မီဒီယာ အခန်းကဏ္ဍကို သူတို့ဘက်က အသိအမှတ်ပြုတယ် ဆိုတဲ့သဘောပါ” ဟု ဧရာဝတီသို့ ပြောသည်။
ရွေးချယ်ရေး ကော်မတီက ထုတ်ပြန်သည့် နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် အကြိုက်ဆုံး ၃ ဖွဲ့မှာ အာဖဂန် အမျိုးသမီးများ အရေးကို လှုပ်ရှားသူ မစ္စ ဆီမာဆမာ (Simar Samar)၊ DVB သတင်းဌာနနှင့် အာဖရိကတိုက်မှ ဆယ်ရာလီယွန် နိုင်ငံ ပြည်တွင်းစစ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စုံစမ်း အရေးယူသည့် အထူးတရားရုံး (Special Court for Sierra Leone) တို့ ဖြစ်ကြသည်။
DVB သတင်းဌာနကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နော်ဝေနိုင်ငံ၌ အခြေစိုက်သည်။ မြန်မာပြည်တွင်းသို့ ရုပ်သံလိုင်းများ တိုက်ရိုက်လွှင့်နိုင်သည့် တခုတည်းသော ပြည်ပအခြေစိုက် သတင်းဌာနတခုဖြစ်သည်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအတွင်းတွင် DVB သတင်းထောက်များက ဗီဒီယို၊ ဓာတ်ပုံမှတ်တမ်းများ ရယူကာ သတင်း အစီရင်ခံနိုင်ခဲ့သဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ယင်းအဖြစ်အပျက်ကို သိရှိနိုင်ခဲ့သည်။
ရွှေဝါရောင် တော်လှန်ရေးအတွင်း DVB သတင်းထောက်များ အကြောင်း ရိုက်ကူးထားသည့် Burma VJ ရုပ်သံ မှတ်တမ်းသည် ယမန်နှစ် အော်စကာဆုပေးပွဲတွင် ဆန်ခါတင် အဆင့်အထိရောက်ရှိခဲ့သည်။
“နိုဗဲလ်ဆုကို မီဒီယာ အဖွဲ့အစည်းတွေ အနေနဲ့ ရခဲတယ်။ အခု ကျနော်တို့ကို အကြိုက်ဆုံးစာရင်းထဲ ထည့်တယ်ဆိုတာက လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေထူးခြားမှုနဲ့ ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ်။ နောက်တခုက မြန်မာပြည်မှာ သတင်းယူရတာ ဘယ်လောက် ခက်ခဲပါတယ်၊ ဒီလူတွေက ဘယ်လိုမျိုး သတင်းယူနေပါတယ်ဆိုတာကို မီးမောင်းထိုးပြချင်တဲ့ သဘောလည်း ပါကောင်း ပါနိုင်ပါတယ်” ဟု ဦးတိုးဇော်လတ်က ပြောသည်။
နိုဗဲလ်ဆုအတွက် ဆန်ခါတင်စာရင်းဝင် တဦးဖြစ်သည့် အာဖဂန်နစ္စတန်မှ မစ္စ ဆီမာဆမာသည် ဆရာဝန်တဦးဖြစ်ပြီး ဆူဒန်နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ၂၀၀၅ မှ ၂၀၀၉ အထိ ဆောင်ရွက်ခဲ့သည်။
မစ္စ ဆီမာဆမာသည် အာဖဂန်နစ္စတန်တွင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် Afghanistan Independent Human Rights Commission (AIHRC) ကို ဦးဆောင်နေပြီး ၂၀၀၂ ခုနှစ်၊ ဟာမစ်ကာဇိုင်း အစိုးရလက်ထက်တွင် အမျိုးသမီးရေးရာ ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်ဟု Peace Research Institute Oslo (PRIO) ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
DVB နှင့်အတူ တခြားအမည်စာရင်း တင်သွင်းခံရသည့်အဖွဲ့ Special Court for Sierra Leone ကို ၂၀၀၂ ခုနှစ်တွင် ဆယ်ရာလီယွန်အစိုးရနှင့် ကုလသမဂ္ဂတို့၏ သဘောတူညီမှုဖြင့် စတင်တည်ထောင်ခဲ့ပြီး ဆယ်ရာလီယွန်နိုင်ငံ၏ တရားစီရင်မှုအတွင်း၌ပင် ထားရှိသည်။
ယင်းတရားရုံးမှတဆင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို လက်တွေ့အသုံးချနိုင်သည်ဟု ဆုရွေးချယ်ရေးအဖွဲ့မှ သုံးသပ်ထားကြောင်း PRIO အဖွဲ့၏ သတင်းစာမျက်နှာတွင် ပါရှိသည်။
ယခု ရက်သတ္တပတ် အတွင်းတွင် အသိပညာ အတတ်ပညာ နယ်ပယ်၌ ကျွမ်းကျင်သူများကို ရွေးချယ်၍ နိုဗဲလ်ဆုများ ချီးမြှင့်ခဲ့သည်။ DVB အပါအဝင် ဆန်ခါတင် ၃ ဖွဲ့စာရင်းထဲမှ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရရှိသည့် တဖွဲ့ကို လာမည့် အောက်တိုဘာလ ၈ ရက်နေ့တွင် ကြေညာမည်ဖြစ်သည်။
၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုကို ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ရရှိခဲ့ဖူးသည်။
Comments (4)

written by weimyo, October 07, 2010
All the best for DVB and we do expect/wish you will win this noble peace prize.
Write comment
| < Prev | Next > |
|---|








"Director Kristian Berg Harpviken: the Peace Research Institute Oslo (PRIO) ".
The real one who got this prize is " Chinese dissident Liu Xiaobo "