ဇန်န၀ါရီလ ၁၈ ရက်နေ့မှစ၍ ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်းများကို အင်တာနက် အသုံးပြုခွင့် တရားဝင်ပေးခဲ့သော် လည်း အင်တာနက်လိုင်း နှေးကွေးခြင်း၊ ပြတ်တောက်ခြင်း၊ SIM ကတ်များ ပျက်စီးခြင်းတို့ကြောင့် သုံးစွဲသူများ အခက်အခဲ ဖြစ်နေသည်။
အာဏာပိုင်များက လုံခြုံရေးအရ နည်းမျိုးစုံဖြင့် ဟန့်တားကာကွယ်နေသောကြောင့် အင်တာနက် ၀န်ဆောင်မှု ကျဆင်း နေသည့်အပြင်၊ မိုဘိုင်းလ်ဖုန်းမှ တဆင့်ခံ အသုံးပြုနေခြင်းကလည်း အင်တာနက်လိုင်းကို ပိုနှေးကွေးဖွယ် ရှိသည်ဟု ရတနာပုံတယ်လီပို့မှ IT ပညာရှင်တဦးက ဧရာဝတီကို ပြောသည်။“အင်တာနက်ဆိုင်မှာ ဆာဗာက တိုက်ရိုက်သုံးတဲ့ လိုင်းတောင် နှေးနေတာ၊ မိုဘိုင်းလ်ဖုန်းကနေ သုံးမယ်ဆိုရင် စဉ်းစားစရာပဲ။ စမ်းသပ်ကာလကဆို ကိုယ့်ဖုန်းကနေ ချိတ်ပြီးသုံးတဲ့ လိုင်းက ပိုမြန်တယ်။ တော်တော်လေး လိုင်းကောင်းခဲ့တယ်” ဟု သူက ဆိုသည်။
ကျပ် ၅ သိန်းတန် မိုဘိုင်းလ်ဖုန်း သုံးစွဲသူများသည် အင်တာနက် ၀န်ဆောင်မှုရသည့် RUM ကတ်ကို ကျပ် ၃ သောင်းဖြင့် ၀ယ်ယူ လဲလှယ် ထည့်သွင်းနိုင်ပြီး ကတ်ထည့်သွင်းပြီးပါက ဖုန်းလိုင်းမိသည့် မည်သည့်နေရာတွင်မဆို ကွန်ပျူတာနှင့် ချိတ်ဆက်ကာ အင်တာနက် အသုံးပြုနိုင်သည်။
“၅ သိန်းတန် ဖုန်းကနေ အင်တာနက် သုံးလို့ရတယ်ဆိုတာနဲ့ SIM ကတ်လဲပြီး ကိုယ့်ဆီမှာရှိတဲ့ ကွန်ပျူတာနဲ့ ချိတ်သုံးလို့ ရတဲ့ USB Modem ဝယ်လိုက်တာ။ အစက ဆိုင်မှာ သွားသုံးတာထက် ဂျီမေးလ်ဖွင့်တာတောင် အဆင်ပြေခဲ့တယ်” ဟု သုံးစွဲသူ လူငယ်တဦးက ပြောပြသည်။
သူက ဆက်လက်၍ “ပြီးခဲ့တဲ့ လကုန်လောက်စပြီး တောက်လျှောက် လိုင်းကကျတာ။ ဘာဖွင့်ဖွင့် တက်ကိုမလာတော့ဘူး။ ကိုယ့်အိမ်မှာ ကိုယ်သုံးရမယ်၊ လိုင်းမြန်တယ်၊ ကုန်ကျစရိတ် သက်သာတယ်ဆိုလို့ အင်တာနက် သုံးလို့ ရတဲ့ ကတ်လဲထားပြီး အခုတော့ အလကားလို ဖြစ်နေတယ်။ အခု အရင်အတိုင်း ဆိုင်ပြန်သွားသုံး နေရတာပဲ။ ဆိုင်က လိုင်းကလည်း ဂျီတော့ခ်ပဲ ရတယ်” ဟု ဆိုသည်။
CDMA 800 MHz ဖုန်းများဖြင့် အင်တာနက် အသုံးပြုပါက ၁ မိနစ် ၄ ကျပ်နှုန်း သတ်မှတ်ထားပြီး ဖုန်းပြောဆိုရန် ထည့်သွင်း ထားသည့် Prepaid (ကြိုတင်ငွေ) ထဲမှ အင်တာနက်အသုံးပြုခကို ဖြတ်တောက်သွားသည်ဟု သိရသည်။
မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက် အသုံးပြုကြသောကြောင့် ဖုန်း SIM ကတ် ပျက်ခြင်းများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည် ဟု ရန်ကုန်မြို့ ပန်းဆိုးတန်းတွင် တယ်လီဖုန်း အရောင်းဆိုင် ဖွင့်လှစ်ထားသူတဦးက ပြောပြသည်။
“SIM ကတ် အရည်အသွေးက နဂိုကတည်းက မကောင်းတဲ့ အပြင်၊ ကွန်ပျူတာနဲ့ ချိတ်ချင်ရင် USB Modem ထဲကို Sim ကတ် ထည့်သုံးရတယ်။ ဒီလိုမှ အင်တာနက် လိုင်းက ချိတ်ဆက်မိတယ်။ ဒီမှာသုံးတဲ့ USB Modem အများစုက တရုတ်က ၀င်လာတာတွေ ချည်းပဲ။ SIM ကတ်က ဖြုတ်လိုက် တပ်လိုက်နဲ့ ကြားခံတဲ့ ပစ္စည်းကလည်း မကောင်းတော့ ကတ်တွေက ပျက်ရော” ဟု သူက ဆိုသည်။
ယင်းကဲ့သို့ SIM ကတ် ပျက်စီးသွားပါ က သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေး ရုံးတွင် ကတ်အသစ် ပြန်လျှောက်နိုင်သည့် စနစ် မရှိဘဲ၊ တယ်လီဖုန်း အရောင်းဆိုင်များတွင် သွားရောက်ပြုပြင်သည့် နည်းလမ်းသာ ရှိသည်ဟု သိရသည်။
ပြည်တွင်းတွင် လက်ရှိအသုံးပြုနေသော CDMA ဖုန်းများဖြင့် အင်တာနက် အသုံးပြုခြင်း စနစ်သည် တရုတ် Huawei ကုမ္ပဏီမှ တင်သွင်းထားသော နည်းပညာ၊ စက်ပစ္စည်းများကို အသုံးပြုထားခြင်း ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် GSM၊ CDMA 450 MHz၊ CDMA 800 MHz မိုဘိုင်းလ်ဖုန်းများကို အသုံးပြု နေကြသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာ GSM တယ်လီဖုန်းများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အင်တာနက်အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု ပြောဆိုခဲ့သော်လည်း ဆက်လက် အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပေ။
မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက် သုံးစွဲသူ လူငယ်တဦးက “ဂျီမေလ်းကို ရိုက်ထည့်လိုက်တိုင်း Yatanarpon Portal ဆိုပြီး သူတို့ သတင်းဆိုက်ပဲ ပေါ်ပေါ်လာတယ်။ ဆက်သွားလို့ မရတော့ဘူး။ ဂျီမေလ်းရော၊ ဂျီတောခ့်ရော လက်ရှိ သုံးလို့ မရဘူး။ ၀က်ဘ်ဆိုက်တွေဆို ပိုဆိုးတာပေါ့” ဟု ပြောသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးတေဇသည် ၎င်းပိုင် ထူး ကုမ္ပဏီ၏ လက်အောက်ခံဖြစ်သော Central Marketing ကုမ္ပဏီနှင့် Elite ကုမ္ပဏီတို့မှ CDMA တယ်လီဖုန်း ဟန်းဆက်များ၊ FEC ၂၀ တန်၊ FEC ၅၀ တန် တခါသုံး ဖုန်းကတ်များ၊ ကျပ် ၁ သောင်း၊ ကျပ် ၂ သောင်းနှင့် ကျပ် ၅ သောင်းတန် (Prepaid) ကြိုတင်ငွေ ပေးချေ ဖုန်း ကတ်များကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ရောင်းချခွင့် ရရှိထားသည်။
၂၀၁၀ ပြည့်နှစ် ဇူလိုင်လ အထိ GSM ဖုန်း ၅၀၀၀၀ ကျော်၊ CDMA 450 MHzဖုန်း ၅၄၅၆၅၀၊ CDMA 800 MHz ဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈ လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။
Set as favorite
Bookmark
Email this
Hits: 5684
Comments (3)

written by shanlay, May 12, 2011
ပြောနေကြတာ ရှက်စရာဘဲနော် နိုင်ငံတိုင်းမှာ ဖုန်းလိုင်းတွေ ကောင်း ဈေးလဲသက်သာ.. အင်တာနက်လိုင်း ဆိုလဲ ကောင်း ဩော်မြန်မာ
written by Chit, May 09, 2011
အလွန်နုနယ် သေးတဲ့ ဒီမီုကရေစီ ဆိုတော့ လမ်းတောင် ကောင်းကောင်း မလျောက်တတ်သေး တဲ့ သဘောဘဲ့။ မလုပ်တတ် ရင်လည်း လုပ်တတ်တဲ့လူကြီး ပြောတာလည်း နားမထောင်၊ ပေတေတေ ကတ်တတ်တတ် နဲ့ခက်ပါတယ်။ စည်းကမ်းရှိသော ဒီမီုကရေစီမှ စည်းကမ်းပြည့်ဝသော ဒီမီုကရေစီ ကို အကောင်အထည်မဖေါ်နိုင်ခင်။ ကိုယ့်ဟာ ကိုယ် စည်းကမ်း ထိန်းသိမ်းကြပါ အုံးလို့တော့ အကြံပေးချင်ပါတယ်။ လူကြီးလုပ်နေတဲ့ ကလေး ဦးနှောက်လေး တွေကို နားလည်ပေးလိုက်ကြပါ။
Write comment
| < Prev | Next > |
|---|







