အကျဉ်းထောင်များအတွင်း ICRC ပြန်ဝင်ခွင့်ရ

E-mail Print
အကျဉ်းထောင်များသို့ ၀င်ရောက်စစ်ဆေးခွင့် ပိတ်ပင်ထားသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) က တာဝန်ရှိသူများသည် မြန်မာနိုင်ငံအကျဉ်းထောင် ၃ ခုသို့ ယခု အစိုးရသစ်လက်ထက်တွင် ပထမဆုံး ၀င်ရောက် ကြည့်ရှု့ခွင့် ရပြီကြောင်းသိရသည်။

ICRC-Inseinရန်ကုန်အခြေဆိုက် ICRC မှ တာဝန်ရှိသူတချို့သည် ဇူလိုင် ၁ ရက်နှင့် ၂ ရက်နေ့က ကရင်ပြည်နယ် ဖားအံ အကျဉ်းထောင်၊ မွန်ပြည်နယ် မော်လမြိုင်အကျဉ်းထောင်၊ ဧရာဝတီတိုင်း မြောင်းမြအကျဉ်းထောင် စသည့် အကျဉ်းထောင် ၃ ခုသို့ သွားရောက်ကာ သန့်ရှင်းရေ ရရှိမှုနှင့် မိလ္လာစနစ် များအား စစ်ဆေးကြည့်ရှု့ခွင့် ရခဲ့ကြသည်။

“အခုလို ICRC က ထောင်တွေထဲ ပြန်ဝင်ခွင့်ရတယ်ဆိုတော့ ၀မ်းသာတယ်။ လူချင်းတွေ့ရတဲ့ အခြေအနေအထိ ရောက်ဖို့လိုတယ်။ ICRC ဟာ နိုင်ငံရေးအကျဉ်းသားတွေအတွက် အထောက်အကူပေးတဲ့ ပေါင်းကူးတံတား တခုလို ပါ ပဲ။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ တချို့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးမှုတွေ လုပ်နိုင်တာမို့ အထဲက လူတွေလည်း ပျော်ကြမှာပါ။ ဒါဟာ ကောင်းတဲ့ လက္ခဏာ တခုလို့မြင်ပါတယ်” ဟု ရှမ်းပြည်နယ် ကျိုင်းတုံ အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ်ကျော် ကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ၏ အစ်မ မကြည်ကြည်ညွန့်က ဧရာဝတီကို ပြောသည်။

အကျဉ်းထောင်များအတွင် ICRC ဝင်ရောက်ခွင့် ရသော်လည်း ယခင်ကကဲ့သို့ နိုင်ငံရေးအကျဉ်းသားများ အပါအ၀င် အကျဉ်းသားများကို ၀င်ရောက်တွေ့ဆုံခွင့်၊ အကျဉ်းသားများကို ICRC က မှတ်ပုံတင်ကာ မှတ်တမ်းများ ယူခွင့်၊ နှစ်သိမ့်အားပေးစကား ပြောခွင့်၊ ကျန်းမာရေး ဆိုင်ရာ ဆေးဝါးများအပါအ၀င် အကျဉ်းသားများ၏ လိုအပ်သော စာအုပ်စာတမ်း၊ အားကစားပစ္စည်းများ စသည်ဖြင့် လှူဒါန်းခွင့်၊ အကျဉ်းထောင် အရာရှိများနှင့် ဆွေးနွေးအကြံပြုခွင့် တို့ကို လုပ်ဆောင်ခွင့် မရှိသေးကြောင်း မော်လမြိုင် အကျဉ်းထောင်နှင့် နီးစပ်သူ တဦးက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း - မြန်မာနိုင်ငံ (AAPP) ၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က နိုင်ငံတကာ ဖိအားများ မရှိပါက ယခုကဲသို့ ICRC ဝင်ရောက်ခွင့် ရမည်မဟုတ်ကြောင်း၊ သို့သော် ICRC ၏ လုပ်ထုံးလုပ်နည်းများ အတိုင်း လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများနှင့် နိုင်ငံရေး အကျဉ်းသားများအပါအ၀င် အကျဉ်းသားများနှင့် တွေ့ဆုံခွင့် ရရန်လိုကြောင်း၊ ထို့အပြင် သွားချင်သည့် အကျဉ်းထောင်များသို့ လွတ်လပ်စွာ သွားလာခွင့် ရရန်လိုကြောင်း ပြောသည်။

ဆက်လက်၍ ၎င်းက ထောင်များထဲတွင် အကျဉ်းသားများအား မှတ်ပုံတင်ခွင့်၊ မှတ်တမ်းယူခွင့်နှင့် ရုံးခန်းများ ပြန်ဖွင့်ခွင့် ရရန်လိုအပ်ပြီး ယခင် အခြေအနေ ပြန်လည် ရရှိနိုင်ရေးအတွက် နိုင်ငံတကာမှ လုံလောက်သည့် ဖိအားများ ဆက်ပေးသင့်သည်ဟု ဆိုသည်။

“ဒီလောက်လေး ရတာနဲ့ ဦးသိန်းစိန်အစိုးရကို အပြုသဘော ဆောင်တယ်လို့ သတ်မှတ်လို့ မရသေးပါဘူး” ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အကျဉ်းသား မိသားစုများ၊ မကြာသေးမီက မြန်မာနိုင်ငံကို အလည်အပတ် သွားခဲ့ကြသော အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း၊ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့နှင့် ကမ္ဘာ့ကုလသမဂ္ဂ အပါ အ၀င် နိုင်ငံတကာ အသိုင်းအ၀န်းတို့မှ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ICRC အနေဖြင့် အကျဉ်းထောင် များသို့ ပြန်လည်ဝင်ရောက်ခွင့် ရရေးအတွက် မြန်မာအစိုးရကို တောင်းဆို ဖိအားပေးခဲ့ကြသည်။

ICRC သည် ၁၉၉၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ရုံးများ ဖွင့်ခွင့်ရခဲ့ပြီး အကျဉ်းထောင်များသို့ လွတ်လပ်စွာ ၀င်ရောက်ကြည့်ရှုစစ်ဆေးခွင့်၊ နိုင်ငံရေး အကျဉ်းသားများအပါအ၀င် အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက် မှုများကို ထောက်ပံ့ ကူညီပေးနိုင်ခွင့်၊ တိုင်းရင်းသား ဒေသများတွင် လူသားချင်း ကူညီစောင့်ရှောက်ခွင့်၊ အကာ အကွယ် ပေးခွင့်၊ ကျေးလက်ဒေသများတွင် သန့်ရှင်းရေ ရရှိရေးနှင့် ကျန်းမာရေး ဆိုင်ရာ အထောက်အကူ ပေးခွင့်များ ရရှိခဲ့သည်။

၂၀၀၆ ခုနှစ်နှောင်းပိုင်းတွင် ICRC အနေဖြင့် အကျဉ်းထောင်များသို့ ၀င်ရောက်စစ်ဆေးရာတွင် စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့်အတူ ပူးတွဲသွားမှသာ ခွင့်ပြုမည်ဟု ပြောဆိုပြီး သဘောတူညီကို ဖျက်ကာ ၀င်ရောက်စစ်ဆေးခွင့်ကို ပိတ်ပင်ခဲ့သည်။

ICRC အနေဖြင့် အကျဉ်းထောင်များသို့ ၀င်ရောက်စစ်ဆေးခွင့် မရသည့်နောက်ပိုင်း နိုင်ငံရေး အကျဉ်းသားများ အပါအ၀င် အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် တခြားအခြေအနေများ ပြန်လည် ဆိုးရွားလာခဲ့သည်ဟု AAPP က ထောက်ပြထားသည်။
Comments (2)Add Comment
0
welcome!
written by Mg Nauk Toe(Mandalay), July 07, 2011
For the time being,it is the most auspictious news,anyway. I suppose the condition will be in progress.
0
...
written by diamond, July 07, 2011
တနှစ်မှာ သည်တလပေပ ၊တလမှာလည်း တရက်တည်း၊
အကျဉ်းသားတွေ အဲ့ဒီနေ့လေးတော့ လူလူ သူသူဖြစ်မှာေ တွးပြီး ၀မ်းသာ
ရမွာပါေ လး

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်