အကျဉ်းသားလွှတ်ရန် မိသားစုများတောင်းဆို

E-mail Print
ထောင်ဒဏ် ၈ နှစ် ကျခံနေရသော နိုင်ငံရေး အကျဉ်းသား ကိုလှမြင့်သန်းသည် မျက်စိ ခွဲစိတ် ကုသမှုခံယူရန် လိုအပ်နေသဖြင့် အမြန်ဆုံး ပြန်လွတ်ပေးသင့်သည်ဟု သူ၏ မိသားစုဝင် တဦးက ပြောသည်။

208080-min_ko_naing“ပြီးခဲ့တဲ့အပတ်က အင်းစိန်ထောင် ပြန်ရွှေ့လိုက်တယ်။ သူ့မျက်စိက တိမ်စွဲတော့ ကွယ်လုနီးပါး ဖြစ်သွားပြီ” ဟု မိသားစုဝင်တဦးက ပြောသည်။

သူ၏ မျက်စိ ဝေဒနာ သက်သာပျောက်ကင်းရေးအတွက် အာဏာပိုင်တို့ကမည်သို့ စီစဉ်နေကြောင်း မသိရသေးပေ။

ကိုလှမြင့်သန်းသည်  ပဲခူးတိုင်း သာယာဝတီ အကျဉ်းထောင်မှ ရန်ကုန်သို့ ပြန်ရောက်လာခြင်း ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် နှင့် ဆက်သွယ်၍ လူ့အခွင့်အရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်စဉ် ၂၀၀၅ ခုနှစ်က ထိန်းသိမ်းခံရခြင်း ဖြစ်ကြောင်း သိရသည်။

ကိုလှမြင့်သန်း အပါအ၀င် အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးလှုပ်ရှားသူများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများကို လွှတ်ပေးသင့်သည်ဟု နိုင်ငံရေး အကျဉ်းသားတို့၏ မိသားစုဝင်များက ပြောသည်။

ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ ဖခင် ဦးသက်ညွှန့်က “ကျနော်ကတော့ သားကို အမြန်ဆုံး ပြန်လွတ်စေချင်တာပဲ။ သူတို့ မတရား အဖမ်းခံထားရတာလေ။ အရင်တခေါက်လည်း မနည်းဘူး။ အခုဆို နှစ်တွေက မနည်းပဲကိုး” ဟု ဧရာဝတီကို ပြောသည်။

ကိုမင်းကိုနိုင်သည် ရှမ်းပြည်နယ်၊ ကျိုင်းတုံ အကျဉ်းထောင်တွင် ရောက်ရှိနေသည်။

ထောင်ဒဏ် နှစ်ရှည် ချမှတ်ထားခြင်း၊ နယ်ဝေးထောင်များသို့ ပို့ဆောင်ခြင်းတို့သည် အာဏာပိုင်တို့၏ ကြီးမားသည့် ဒဏ်ခတ်မှုဖြစ်သည်ဟု မိသားစုဝင်များက ယူဆနေကြသည်။ အကျဉ်းသားအများအပြား ကျန်းမာရေး ချို့တဲ့နေကြပြီး ၎င်းတို့ထံ သွားရောက်ပြီး ထောင်ဝင်စာ ပုံမှန် တွေ့ရေးမှာ  အခက်အခဲများစွာရှိသည်ဟု ဆိုသည်။

အစိုးရသစ်တက်လာပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည့် အကျဉ်းသား ၁၇၀၀၀ ကျော်ထဲတွင် နိုင်ငံရေးအကျဉ်းသား အရေအတွက်က ဆယ်ဂဏန်းသာ ပါဝင်ကြောင်း၊ လွတ်ရက်စေ့တော့မည့်သူများကို လွှတ်ပေးလိုက်ခြင်းသာဖြစ်ကြောင်း သိရသည်။

အစိုးရသစ်အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထပ်မံ ကြေညာမည်ဟု ယူဆသူများ ရှိသကဲ့သို့ ထောင်ထဲရှိ နိုင်ငံရေးသမားများအပေါ် သဘောထား ပျော့ပြောင်းမည် မဟုတ်ဟု ယူဆသူများလည်း ရှိသည်။

“လွှတ်ပေးမယ်တော့ မထင်ဘူး” ဟု ကလေးမြို့ အကျဉ်းထောင်မှ ၈၈ မျိုးဆက်ကျောင်းသား ကိုအောင်နိုင်၏ ဇနီးဖြစ်သူ မမေဇွန်က ပြောသည်။

မမေဇွန်နည်းတူ ယူဆသည့် အခြားတဦးမှာ ရှမ်းပြည်နယ် မိုင်းဆတ်မြို့အကျဉ်းထောင်တွင် ရောက်နေသည့် ကိုကိုကြီး၏ညီ ကိုအောင်အောင်ထွန်း ဖြစ်သည်။

“ကျနော့်အစ်ကိုက ငြိမ်းငြိမ်းချမ်းချမ်း အသွင် ကူးပြောင်းရေးအတွက် တလျှောက်လုံး လုပ်ခဲ့တာ။ ပြန်လွှတ်ပေးစေချင်ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်က သိပ်မမြင်ရတော့ စိတ်မကောင်းဘူး” ဟု ကိုအောင်အောင်ထွန်းက ပြောသည်။ 

ကိုကိုကြီး နှင့် လုပ်ဖော်ကိုင်ဘက်များသည် အကြိမ်ကြိမ် ထိန်းသိမ်းခံရသဖြင့် အကျဉ်းထောင်တွင်း နေထိုင်နေရသည့် ကာလက ပြင်ပတွင် နေထိုင်ရသည့်ကာလထက် ပိုများနေကြောင်း၊ တိုင်းပြည် ကောင်းစားရေး၊ ဒီမိုကရေစီ ပေါ်ထွန်းရေးတို့ကိုသာ လိုလားသူများ ဖြစ်ကြောင်း ကိုအောင်အောင်ထွန်းက ပြောသည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င်မ ၈၈ မျိုးဆက်ကျောင်းသားအုပ်စုဝင်များသည် ထောင်ဒဏ် ၆၅ နှစ်ထက်မနည်း ချမှတ်ခံထားရသူများ ဖြစ်သည်။

ရန်ကုန်မြို့ရှိ ၀ါရင့်ရှေ့နေကြီး ဦးအောင်သိန်းက နိုင်ငံရေးအကျဉ်းသားများ မတရားဖမ်းဆီးခံထားရ သည်မှာ တရားဥပဒေကြောင်းအရ ထင်ရှားနေသည်ဟု ဆိုသည်။ အစိုးရသစ်၏ တရားလွှတ်တော်ချုပ်က ထိုအမှုများကို ပြန်လည် စိစစ်သင့်ကြောင်း သူက ပြောသည်။

လွှတ်တော်ပြင်ပ နိုင်ငံရေး ပါတီများ၊ အင်အားစုများအပြင် လွှတ်တော်တွင်း နိုင်ငံရေးပါတီများကလည်း ထိုအကျဉ်းသားလွတ်မြောက်ရေးက အရေးကြီးသည့် နိုင်ငံရေး လိုအပ်ချက်ဖြစ်သည်ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် လူငယ်ကွန်ရက်၏ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုများ အရှိန်ရလာသော်လည်း အစိုးရထံမှ ထိရောက်သည့် တုံ့ပြန်မှု မရှိသေးပေ။

အကျဉ်းသား လွတ်မြောက်ရေး အတွက် ၀တ်ပြုဆုတောင်းပွဲများ လုပ်ဆောင်သူတချို့လည်း ရှိနေသည်။

“နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးက ဆုတောင်းနေရုံနဲ့ မလွတ်ဘူး။ လက်တွေ့ကျတဲ့ လုပ်ရပ်တွေလုပ်ရမယ်” ဟု နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်း NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။

ထိုင်း အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀ ၀န်းကျင် ရှိနေဆဲဖြစ်သည်။ အသင်း၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ၎င်းတို့ လွတ်မြောက်ရေးသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးတို့အတွက် လွန်စွာ အရေးပါသည့်ခြေလှမ်း ဖြစ်သည်ဟု ဆိုသည်။

“ဦးသိန်းစိန်အစိုးရက အပြုသဘောဆောင်တဲ့ သဘောထားရှိရင်၊ ဒီမိုကရေစီကို ဖော်ဆောင်ဖို့ လုပ်နေတယ် ဆိုရင် ပထမဆုံး လုပ်ရမှာက နိုင်ငံရေးအကျဉ်းသားကို လွှတ်ပေးပြီး  နိုင်ငံရေး ဖြစ်စဉ်တွေမှာ ပါဝင်ခွင့်ပေးဖို့ပဲ။ ဒီလိုမှ မဟုတ်ရင် အပြုသဘောဆောင်တယ်ပြောလို့ မရဘူး” ဟု ကိုဘိုကြည်က ရှင်းပြသည်။

အကျဉ်းသား စာရင်း ပြုစုရာတွင် အခက်အခဲများ ဖြစ်နေကြောင်း၊ တိုင်းရင်းသားဒေသ တိုက်ပွဲများတွင် ဖမ်းဆီးခံရသူများ စာရင်းကို ထပ်မံ ရရှိမည် ဆိုပါက နိုင်ငံရေးအကျဉ်းသား ၅၀၀၀ ကျော်မျှပင် ရှိသွားနိုင်ကြောင်း သူက ဆက်ပြောသည်။

မကြာသေးခင်ကာလက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အစိုးရသစ် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖုန်းဆက်ပြီး နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးရန် ဆွေးနွေးတောင်းဆိုသည်ဟု သိရသည်။

ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနားကလည်း အစိုးရသစ်အနေဖြင့် ပေးထားသော ကတိများအတိုင်း လွှတ်ပေးခြင်း မရှိသည့်အတွက် စိတ်ပျက်မိသည် မကြာသေးမီက ထုတ်ဖော်ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်လကုန်ပိုင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံစဉ်ကလည်း နိုင်ငံရေးအကျဉ်းသားများအရေးကို ပြောဆိုခဲ့ကြသည်ဟု သိရသည်။
Comments (1)Add Comment
0
advice for UN
written by washington, August 04, 2011
Hi Mr Ban,you contact to Wana Mg Lwin is invain.he is toy.you should call direct to Than Shwe smilies/cheesy.gif

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်