တခြားဒေသများနှင့် မတူဘဲ တမူထူးခြားနေသည့် ထိုပဒေသာပင်များကို ဉာတ်မကြီးပဒေသာပင်ဟု ခေါ်ပြီး ကျပ်သိန်းပေါင်း ၂၅၀ မှ ၅၀၀ အကြားရှိ လှူဖွယ် ၀တ္ထုများ ပါဝင်သည်ဟု ဆိုသည်။
ရွှေဘိုရှိ ဘုန်းကြီးကျောင်း ၇၃ ကျောင်းအနက် တကျောင်းကိုသာ မဲနှိုက် ရွေးချယ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန်တွင် ဉာတ်မကြီးပဒေသာပင်များကို သွားရောက် လှူဒါန်းလေ့ရှိသည်။
ယခုလ ၄ ရက်နေ့ (သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့) က ယခုနှစ်ကထိန် အတွက် ကြိုတင်မဲနှိုက်ခဲ့ရာ ကံထူးသည့် ကျောင်းမှာ ပြည်လုံးချမ်းသာကျောင်း ဖြစ်သည်ဟု စုပေါင်းကထိန်ပွဲအား ဦးစီးကျင်းပရေး ပင်မကော်မတီမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
ယခင်က ဉာတ်မကြီးပဒေသာပင်များတွင် ပါဝင်မည့် လှူဖွယ်ဝတ္ထုများအတွက် အလှူရှင်တဦးတည်းက တာဝန်ယူခဲ့သည်။ သို့သော်လည်း မြို့သူ မြို့သားများ၏ စီးပွားရေး ကျဆင်းလာသဖြင့် အသင်းအဖွဲ့အလိုက် သို့မဟုတ် ရပ်ကွက်အလိုက်သာ တာဝန်ယူနိုင်ကြတော့သည်ဟု မြို့ခံများက ပြောသည်။
“ဒီနှစ်အတွက် ဉာတ်မကြီး ပဒေသာပင်ကိုတော့ အမှတ် ၄ ရပ်ကွက်က တာဝန်ယူပါမယ်” ဟု ကော်မတီဝင်တဦးက ပြောသည်။
တချို့နှစ်များတွင် ဉာတ်မကြီးပဒေသာပင် မဲပေါက်သည့် ကျောင်းမှ ကျောင်းထိုင် ဆရာတော်က သာသနာ့ဘောင်ကို စွန့်ခွာသွားသည်ဟု ရွှေဘိုမြို့သားတဦးက ဆိုသည်။ ထိုသို့ လူဝတ်လဲသွားသော သံဃာများမှာ ငယ်ရွယ်သူများ ဖြစ်လေ့ရှိသည်ဟု သိရသည်။
“ဉာတ်မကြီး ပဒေသာပင်ကို ရတယ် ဆိုရင် ထီဆုကြီး ပေါက်သလိုပဲလေ” ဟု ရွှေဘိုမြို့သားတဦးက ပြောသည်။
ရွှေဘိုတွင် တန်ဖိုးကြီး ဉာတ်မကြီး ပဒေသာပင်များသာမက တခြားမြို့များတွင် တွေ့ရသော ပဒေသာပင်များ ကိုလည်း တွေ့နိုင်သည်။ ထို သာမန် ပဒေသာပင်များကိုလည်း “မိုးပေါ်ကျ ကထိန် ပဒေသာပင်” နှင့် “ဘုံကထိန် ပဒေသာပင်” ဟူ၍ နှစ်မျိုးခွဲထားသည်။
မိုးပေါ်ကျ ပဒေသာပင်များကို စာသင်သား ရဟန်း အများစု ရှိသည့် ကျောင်းကို ဦးစားပေးပြီး လှူဒါန်းလေ့ရှိသည်ဟု သိရသည်။ စာသင်သား များသည့် ကျောင်းများကို အလှည့်ကျ လှူဒါန်းခြင်းဖြစ်သည်ဟု ဆိုသည်။
ဘုံကထိန် ပဒေသာပင်များကိုမူ မြို့ပေါ်ရှိ ကျောင်း ၇၃ ကျောင်းသို့ အချိုးကျ ခွဲဝေသည့် စနစ်ဖြင့် လှူဒါန်းကြကြောင်း ကော်မတီမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
ကထိန်ပွဲကာလတွင် ရွှေဘိုမြို့ လမ်းမတော်လမ်းမကြီးတလျှောက် မဏ္ဍပ်ပေါင်း ၃၀ ကျော် တွေ့နိုင်သည်။ ဉာတ်မကြီး ပဒေသာပင်များ ထားရှိမည့် မဏ္ဍပ်ကြီးများကို တခြားမဏ္ဍပ်များနှင့် မတူခြားနားစွာ စီစဉ်ထားသည်ဟု ဆိုသည်။
ရွှေဘိုမြို့သားတဦး ဖြစ်သူ ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်းက တခြားမြို့များနှင့် မတူခြားနားသည့် ဓလေ့များရှိသည့် ရွှေဘိုမြို့အတွက် ဂုဏ်ယူသည်ဟု ဆိုသည်။
“ကျနော် အခုလို (အောင်မြင်တဲ့ ရုပ်ရှင်ဒါရိုက်တာတဦး) ဖြစ်လာရတာလည်း ကျနော့် ဒေသရဲ့ကျေးဇူးတွေ အများကြီး ပါတယ်။ ကျနော်တို့မြို့မှာ ဒီလိုဓလေ့တွေ ရှိတာ ဂုဏ်ယူတယ်၊ တခြား ထူးခြားတဲ့ ပွဲတော်တွေလည်း အများကြီး ရှိသေးတယ်” ဟု ဒါရိုက်တာ ကြည်စိုးထွန်းက ဧရာဝတီကို ပြောသည်။
ရွှေဘိုကထိန်တွင် အပြောင်းအလဲတချို့ ဖြစ်ပေါ်နေသည်ဟု မြို့ခံများက ဆိုသည်။
ကျောင်းအလိုက်၊ ရပ်ကွက်အလိုက် အသင်းအဖွဲ့များက ပဒေသာပင်များကို ဘုန်းတော်ကြီး ကျောင်းများသို့ အိုးစည်၊ ဒိုးပတ် အက အခုန်များဖြင့် စည်ကားစွာ ပို့ဆောင်ခဲ့ကြသော်လည်း ယခုအခါ စည်ကားမှု နည်းပါးလာကြောင်း ရွှေဘိုမှ အမျိုးသမီးကြီးတဦးက ရှင်းပြသည်။
“ကျမတို့ ၁၆ နှစ်လောက်က ဆိုရင် သိပ်ပျော်ဖို့ ကောင်းတာ။ မြို့နားတ၀ိုက်က ရွာတွေဆိုရင် မဏ္ဍပ်တွေက များတော့ တနေကုန် ထမင်းချိုင့်နဲ့ လာကြည့်ကြတာ။ လူပျိုတွေက ပိဋိကတ်သုံးပုံတွေကိုင်၊ ပဒေသာပင်တွေ ထမ်း၊ အပျိုတွေကတော့ သင်္ကန်းတွေ လှူဖွယ်တွေ ကိုင်ပေါ့။ အခုနဲ့တော့ တခြားစီ ဖြစ်သွားပါပြီ” ဟု ၎င်းက ဆက်ပြောသည်။
၂၀၀၅ ခုနှစ်ခန့်မှ စတင်၍ စည်ပင်သာယာရေးဌာန ၀န်ထမ်းများက မဏ္ဍပ်နေရာ ရယူလိုသည့် အသင်းအဖွဲ့များ ထံမှ အခွန်ကောက်ခဲ့သောကြောင့် မဏ္ဍပ်အင်အား နည်းလာကြောင်း သိရသည်။
“ကျနော်တို့က မဏ္ဍပ်ထိုးပြီး လှူချင်တဲ့သူ လှူနိုင်အောင် စီစဉ်ထားတယ်။ အဓိကက ပွဲစည်ဖို့ပါပဲ။ ဒါကို ကော်မတီဝင်တွေ မသိအောင် ကြားကနေ ပိုက်ဆံတွေ တောင်းတော့ လှူချင်တဲ့သူက နေရာ ၀ယ်ရတဲ့သဘောပေါ့။ ပြောရရင် ရိုက်စား လုပ်သွားတာလေ” ဟု ကော်မတီဝင်တဦးက ဧရာဝတီကို ပြောသည်။
မြန်မာပြည်မှ ဗုဒ္ဓဘာသာတို့၏ ထုံးတမ်း အစဉ်အလာအရ အကျင့်သီလ နှင့် ပြည့်စုံသော ရဟန်း၊ သံဃာများကို သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့ အတွင်း ကပ်လှူ ပူဇော်သည့် သင်္ကန်းကို ကထိန်သင်္ကန်း ဟု ခေါ်ဆိုကြသည်။
ရွှေဘိုတွင် ဘုံကထိန်ပွဲတော်ကို ကျင်းပလာခဲ့သည်မှာ ၉၅ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် နှင့် ၁၉၈၈ နိုင်ငံရေး အခြေအနေများကြောင့် ကထိန်ပွဲ ကျင်းပရန် ၃ ကြိမ် ပျက်ကွက်ခဲ့သည်ဟု ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတဦးက ဆိုသည်။
ရွှေဘိုသည် သမိုင်းဝင်မြို့ကြီးဖြစ်သည်။ တတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ အလောင်းမင်းတရားက မြန်မာသက္ကရာဇ် ၁၁၁၅ (ခရစ် သက္ကရာဇ် ၁၇၅၃-၅၄) ခုနှစ်တွင် ရွှေဘိုမြို့ကို မင်းနေပြည်တော်အဖြစ် သတ်မှတ်ခဲ့သည်။ ရွှေဘိုမြို့ ဖြစ်လာမည့် ဒေသကို ယခင်က မုဆိုးဖို၊ ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရတနာသိင်္ခ ဟု ခေါ်ကြသည်။
Set as favorite
Bookmark
Email this
Hits: 6028
Comments (3)

written by Good Buddhist, October 22, 2009
If you donate luxury materials and materials that detract monks from what they should be doing as monks, then you are not only encouraging them to enjoy life as lay people, are seriously degrading Buddhism.
written by sk, October 21, 2009
ကထိန်နှင့် ပါတ်သက်၍ ဒေသ အသီးသီးရဲ့ မတူညီတဲ့ ချစ်စရာ ဓလေ့တွေကို အသေးစိတ် သိရတဲ့ အတွက် ဆောင်းပါးရှင် ကို ကျေးဇူး တင်ပါတယ်ဗျာ။ ကိုယ့်ဒေသရဲ့ ရိုးရာ ဓလေ့တွေကို အသေးစိတ် စံနစ်တကျ မှတ်တမ်းတင် ထားမှသာ နောင်တချိန်မှာ လူငယ်တွေကို လက်ဆင့် ကမ်းနိုင်မယ် လို့ ထင်ပါတယ်။
written by မွေးရပ်မြေကို လွမ်းနေသူ, October 20, 2009
ဒီလိုမျိုး ရှားရှားပါးပါး ကျွန်တော့် မွေးရပ်မြေ အကြောင်း ဖတ်ရှုရလို. ၀မ်းသာ ရသလို ငယ်ငယ်တုန်းက ကျောင်းသားဘ၀မှာ ကျွန်တော်တို. အမှတ်(၃)ကျောင်းက ဘုံကထိန် လှည့်ပြီး ပျော်ခဲ့ရတာတွေ ပြန်ပြီး သတိ ရမိပါတယ်။
ဖေါ်ပြပေးတဲ့ ဧရာဝတီကို ကျေးဇူး တင်ပါတယ်ဗျို.။
ဖေါ်ပြပေးတဲ့ ဧရာဝတီကို ကျေးဇူး တင်ပါတယ်ဗျို.။
Write comment
| < Prev | Next > |
|---|







