ယင်း လစာတိုးသည့် သတင်းကို ပြည်တွင်း သတင်း မီဒီယာများ ဖြစ်သော 7Days၊ မော်ဒန်၊ Weekly Eleven၊ The Voice စသည့် အပတ်စဉ်ထုတ် သတင်းစာစောင် များတွင် ရေးသားကြ သော်လည်း စာပေ စိစစ်ရေးက ထည့်သွင်း ဖော်ပြခွင့် မပြုခဲ့ကြောင်း သိရသည်။“အောက်ခြေ ၀န်ထမ်းက စပြီး တယောက်ကို နှစ်သောင်းဆီ တိုးတာနဲ့ ပတ်သက်ပြီး သတင်းရေးတာ ပြုတ်တယ်၊ နှစ်ခါတောင် စာပေ စိစစ်ရေး တင်တာ နှစ်ခါလုံး ပြုတ်တယ်၊ လစာတိုးတဲ့ တရားဝင် စာတွေ အစိုးရရုံး တွေမှာ ထွက်နေတာတောင် ဂျာနယ်တွေမှာ ဖော်ပြခွင့် မပေးဘူး”ဟု ပြည်တွင်း ဂျာနယ် သတင်းထောက် တဦးက ပြောသည်။
လစာတိုးမှု နောက်ဆက်တွဲဖြစ်သော ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ရွှေဈေးနှုန်း ပြောင်းလဲခြင်း၊ အိမ်ဈေးနှုန်းများ ပြောင်းလဲခြင်းစသော သတင်းများကိုလည်း ဖော်ပြခွင့်မပြုကြောင်း ၎င်းကဆိုသည်။
ထို့အပြင် ၀န်ထမ်းများကို အာဏာပိုင်များက လစာတိုးမြှင့်သည်ဟု မပြောဆိုရန် မှာကြားထားကြောင်းလည်း နေပြည်တော် အစိုးရရုံးများမှ စုံစမ်းသိရှိရသည်။
ယခုနှစ်ဆန်းပိုင်းအတွင်း အစိုးရရုံးအောက်ခြေ၀န်ထမ်းမှအစ အထက်အရာရှိအထိ လစာနှုန်းထားများတိုးမြှင့် သော ကြေညာချက်များ အစိုးရရုံးများသို့ရောက်ရှိလာခဲ့ပြီး ၀န်ထမ်းများကို ရှားပါးစရိတ်ထောက်ပံ့ခြင်းသာဖြစ် သည် ဟု ပြောကြားခိုင်းကြောင်း နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်းတဦးက ဆိုသည်။
ရန်ကုန်မြို့ရှိ ဆက်သွယ်ရေးဝန်ကြီးဌာရမှ ၀န်ထမ်းတဦးကလည်း“ရုံးတွေကို စာပို့ထားတယ်၊ လစာတိုးတာ မဟုတ်ဘူး၊ ရှားပါးစရိတ်ထောက်ပံ့တာတဲ့၊ လစာတိုးတယ်လို့မပြောရဘူးတဲ့၊ ပြောရင်အဖမ်းခံရမယ်လို့ ရုံးက အရာရှိက ပြောတယ်”ဟု ဧရာဝတီသို့ ပြောပြသည်။
ထိုသို့ အစိုးရ၀န်ထမ်းများ လစာတိုးမြှင့်ရရှိမှုကြောင့် ကုန်ဈေးနှုန်းများမြင့်တက်လာမည်ကို စိုးရိမ်၍ လစာတိုးမြှင့် သည့် သတင်းကို အစိုးရက ထိမ်ချန်ထားလိုခြင်းဖြစ်နိုင်ကြောင်း ၀န်ထမ်း များကသုံးသပ်နေကြသည်။
ရန်ကုန် ကျောက်တံတား မြို့နယ်ရှိ အိမ်ရှင်မတဦးက“လစာတိုးတယ်လို့ကြားတာနဲ့ ရွှေဈေးက ခြောက်သိန်းကျော် သွားတယ်၊ မကြာပါဘူး တစ်ပတ်လောက်လဲကျရော ကုန်ဈေးနှုန်းတွေတက်စပြုလာတာပဲ၊ ဆန်တွေဆီတွေလည်း လက်လီတွေမှာတက်လာတယ်”ဟု ပြောသည်။
ဝန်ထမ်းများကို ဇန်န၀ါရီလမှစတင်၍ ကျပ်၂၀၀၀၀စီတိုးပေးမည်ဖြစ်ကြောင်း၊ လက်ရှိအနိမ့်ဆုံးလစာ ကျပ်၁၅၀၀၀ ရသော အောက်ခြေဝန်ထမ်းမှစပြီး ကျပ် ၁၉၀၀၀၀ ရသည့် အမြင့်ဆုံးအဆင့်ထိတိုးပေးထားကြောင်း၊ ထို့အပြင် နေ့စားဝန်ထမ်းများကိုလည်း ၈ နာရီလုပ်ခ ကျပ် ၅ဝဝ မှ ၁၁ဝဝ အထိတိုးပေးကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနက အစိုးရဌာအသီးသီးသို့ ဇန်န၀ါရီလ ပထမပတ်အတွင်း အမိန့်စာများပေးပို့ ခဲ့ကြောင်း သိရသည်။
Comments (5)

written by မျိုးလွင်, January 27, 2010
ဪ ... ဝန်ထမ်း လစာလေး တိုးတာတောင် ပြောခွင့် မရပါလား တို့ဗမာပြည်သား တွေရယ်၊ ကမ္ဘာမှာ ဗမာကတော့ ဆန်းပြီး ရင်း ဆန်းနေတာပဲ့၊ ကုန်ဈေးနှုန်းကို မထိန်းချုပ်နိုင် တာက စစ်အစိုးရဟာ စစ်တိုက်တာနဲ့ ပြည်သူလူထုကို ဖိနှိပ်ဖို့ လောက်ပဲ့ နားလည်ပြီး တိုင်းပြည် စီးပွားရေး စီမံခန့်ခွဲတာ ညံ့ဖျင်းလို့ အဲဒါ ကိုယ့်အပြစ်ကို ဖုံးပြီး အာဏာနဲ့ မီဒီယာတွေကို ပိတ်ပင်ဒါပဲ့ လုပ်တတ်တာ၊ တကယ် လစာထုတ်လို့ နှစ်သောင်း ပိုရလာပြီ ဆိုတာနဲ့ ဝန်ထမ်းတွေက ဝမ်းသာအားရနဲ့ မဖွင့်ဟပဲ နေမလား၊ ရှားပါးစရိတ်လို့ ဆိုပြီး လိမ်ခိုင်း ထားတာကရော ကြာရှည်ခံပါ့မလား၊
written by ကိုရေအေး, January 26, 2010
ဒီအစိုးရ လက်ထက်မှာက မှားတာ ဖြစ်ဖြစ်၊ မှန်တာ ဖြစ်ဖြစ်၊ ကောင်းတာရော၊ မကောင်းတာရော၊ ဘာမဆို ဖုံးထား ဝှက်ထားရမယ် လိမ်ရ ညာရမယ် လို့ မူဝါဒထား ကျင့်သုံး နေပုံရတယ်။ သူတို့မှာ တာဝန်ခံမှု ဆိုတာ မရှိဘူး။ တစ်ခုခုဖြစ်ရင် ဘယ်သူ့ကို လွှဲချရမလဲပဲ ကြံနေကြတာ။ ဒါကြောင့် ဘယ်ကိစ္စ မဆို တာဝန်ယူပြီး ပြောရဲ လုပ်ရဲတဲ့လူက မရှိဘူး။ ခိုးကြောင် ခိုးဝှက်တို့ ဝေ့လည်ကြောင်ပတ်တို့ပဲ လုပ်တတ်တယ်။
written by ညတစ္ဆေ, January 26, 2010
သဘော ပေါက်ပါတယ် စာပေ စိစစ်ရေး ကင်ပေတိုင် တွေရယ် ... လစာ တိုးတာ အိမ်က မိန်းမတွေ အိမ်ရှင်မတွေ အတွယ်အတာ အနွယ် အနှောင်း လေးတွေ သိကုန်မှာ စိုးလို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ မီဒီယာတွေထဲ သတင်း မထည့်တာပါ ... သိသွားရင် သူတို့ လစာတွေ အကုန်သိမ်းခံရမှာ စိုးလို့လေ ... ဒါမှ မဟုတ် အကြွေးရှင်တွေ လိုက်လာမှာ စိုးလို့လည်း ဖြစ်နိုင်ပါတယ် ...
Write comment
| < Prev | Next > |
|---|








ကုန်ဈေးနူန်းက တက်မှာပဲ ကိုယ့်နိုင်ငံရဲ့ ငွေကို တန်ဖိုးရှိအောင် အရင်လုပ် စေချင်တယ်...