ညက အနီးစခန်းက ဆင်းလာပြီး မန္တလေးအိမ်တွင် ညအိပ်။ မနက်စောစောထ ၃၂ လမ်း ပန်းတန်းသွားပြီး ပန်းဖိုးငွေ သွားယူရမည်။ နေ့လယ်ပိုင်း အနီးစခန်း (မေမြို့) ကို ပြန်တက်။ ဖြစ်ချင်တော့ မနက်စောစော ဆိုင်ကယ် ဘီးပေါက်သည်။ မတတ်နိုင်တော့၊ ၆၉ လမ်းမကြီးကနေ သိပ္ပံလမ်းဘက်ထွက် လိုင်းကားစီးပြီး ဈေးကို ပြေးရုံသာ ရှိတော့သည်။
နံနက် ၅ နာရီ ကျော်ကျော် ပျာယာ၊ ပျာယာနှင့် ၆၉ လမ်းမကြီး ကနေ လမ်းလျှောက် ထွက်လာသည့် ကျမ၏ တင်ပါးပေါ် ပြင်းထန်သည့် ရိုက်ချက် တခု ကျလာသည်။ ထူပူ သွားသည်။ အသား နာကျင်မှုကြောင့် ဒေါသက ထောင်းခနဲ ထွက်သည်။ “ဟီး … ဆိုင်က ပြန်လာ တာလား” ဟူသည့် အသံနှင့် စပ်ဖြဲဖြဲ သကောင့်သား ၂ ကောင်။ ဆိုင်ကယ် တစီးနှင့် ဖြစ်သည်။
အေးချမ်း လှသည့် မန္တလေး ဆောင်းကို အံတုရန် စီးထားသည့် ရှူးဖိနပ် တဘက်က ဒင်းတို့ ၂ ယောက်ထံ ပျံဝဲသွားသည်။
၆၉ လမ်းနှင့် သိပ္ပံလမ်း ထောင့်တွင် အိပ်ငိုက် နေသည့် ဆိုက်ကား ဆရာ ၃ ယောက်က ကျမတို့ ရန်ပွဲကို လှမ်းကြည့်ပြီး အပြေး ရောက်လာ ချိန်တွင်တော့ ထိုဆိုင်ကယ်နှင့် သကောင့်သား ၂ ကောင် မောင်းထွက် ပြေးတော့သည်။
“ငါ့တူမ တယောက်တည်း လာတာကိုးကွဲ့၊ တော်သေးတာပေါ့၊ လုတာ ယက်တာ မဖြစ်လို့” ဟု ဆိုက်ကားဆရာ ဦးလေးကြီး တယောက်၏ မှတ်ချက်ပေးသံကို မသဲမကွဲသာကြားနိုင်တော့သည်။ ဖိနပ်ကို ကောက်ကိုင်ပြီး ဆိုက်ရောက်လာသည့် လိုင်းကားပေါ်သို့ ရှက်စိတ်မွှန်ထူကာ အပြေးတပိုင်း တက်မိသည်။ ဈေးချို ပန်းတန်းဘက် ကျမ ထွက်လာခဲ့သည်။
ကျမ အိမ်ကို မပြောဖြစ်။ ပြောပါက၊ ကျမ အလုပ်လုပ်ခွင့်ကို ပိတ်တော့မည် ဖြစ်သည်။ အလုပ်လုပ်ခွင့်ကို ပိတ်ကာ အိမ်တွင်းပုန်း လုပ်ခိုင်းမည်ကို ကြောက်သည်။
အသိ မိတ်ဆွေတွေကို ပြောပြန်ရင်လည်း “ဖြစ်တာတောင် နည်းသေး၊ တယောက်တည်း သွားတာကိုး” ဟု မှတ်ချက် ပြုချေ လိမ့်မည်။ အမျိုးသမီးများ မလုံခြုံမှုကို ဖြစ်လေ့ ဖြစ်ထ ရှိသည့် ကိစ္စ တခုအဖြစ် ကျမတို့ လူမှု အသိုင်းအ၀န်းက လက်ခံထား ကြသည်။
၇ နှစ် ကြာခဲ့ပြီ။ သို့သော် ကျမ မမေ့နိုင်။ ယခု အချိန်တွင်ကော မန္တလေးတွင် အမျိုးသမီးများ လုံခြုံရေး အဆင့်အတန်း မည်မျှ မြင့်လာသည် ကျမ မသိ။
ကျမကတော့ ထိုနေ့က စပြီး တတ်နိုင်သမျှ တယောက်တည်း အပြင် မထွက်တော့။ ထွက်လျှင်လည်း ကျမ လက်ကိုင်အိတ်ထဲတွင် ၆ လက်မခန့် အသွားရှိသည့် ဓားတချောင်း မပါမဖြစ် စစ်ပြီး ယူလေ့ရှိသည်။ ပိုက်ဆံအိတ်မေ့ချင် မေ့မည်။ ထို ဓားကိုတော့ ကျမ မမေ့မလျော့ ဆောင်ထားတတ်ခဲ့သည်။
အဲဒီအချိန်တုန်းက ကျမ အသက် ၂၂ နှစ်။
လူမှု ၀န်းကျင်အပေါ် ကြောက်စိတ် စတင်ခံစားရလိုက်ရသည်ဟုပင် ပြောနိုင်သည်။
၂၀၀၆ ခုနှစ်၊ ဇွန်လ၊ ရန်ကုန်
“မွေးကုကို သွားလိုက်ဦး။ တုပ်ကွေးကိစ္စ ထူးခြားတာ ရှိမလားဘဲ။ ကားက ဆူးလေကနေစီး။ ၄၅ ဆိုတာတွေ အကုန်ရောက်တယ်” ဟု ကျမ သတင်းထောက်ချုပ်က ပြောလာသည်။
ကျမ ရန်ကုန်ကို ရောက်စက ကားမစီးတတ်။ ကျမသွားတတ်တာ ဆူးလေနှင့် အင်းလျားလမ်း ခေမရဌ် ရှမ်းဆိုင်နားက ကျမ အိမ်။ လုပ်တာက သတင်းထောက် အလုပ်။ တနေရာ သွားချင်ပြီဆို ရုံးက သတင်းထောက်ချုပ်က မြေပုံဆွဲပြီး လမ်းညွှန်ပေးလေ့ရှိသည်။
အင်းစိန် ကြို့ကုန်းရှိ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဋ္ဌာန (တိမွေးကု) ရုံးကို သွားရန် ဘိုကလေးဈေးလမ်းဘက်ကနေ ဆူးလေဘက် ထွက်လာသည်။ အမေရိကန် သံရုံးရှေ့၊ မဟာဗန္ဓုလ ပန်းခြံနား အရောက်တွင် အိန္ဒိယတိုင်းသား တယောက်က ကျမနား၌ တတွတ်တွတ်နှင့် တယောက်တည်း စကားတွေ ပြောနေသည်။
လက်တဘက်က ထီးကိုကိုင်ထားပြီး တဖက်က သတင်းထောက်ချုပ် ရေးပေးလိုက်သည့် စာရွက်ပေါ်မှ မြေပုံကို သည်းကြီး မည်းကြီး ကြည့်၍ ခပ်သုတ်သုတ် လမ်းလျှောက်နေသည့် ကျမနားသို့ စကားတတွတ်တွတ် ပြောနေသည့် ထိုသူ ရောက်လာ သည်။
ရှိသင့်သည့် အကွာအဝေးထက် ကျမနား ကပ်လာသည့် သူ့ကို ကျမ လှမ်းအကြည့်တွင် ကျမကြားလိုက်သည်က “ဒီနားကဆိုင်မှာ ကော်ဖီသောက်ရင်း စကားပြောရအောင်” ဟူ၏။
အူကြောင်ကြောင် ဖြစ်သွားသည့် ကျမက ပန်းခြံထောင့်က ယာဉ်ထိန်းရဲ အုပ်စု တစုရှိနေသည်ကိုလည်း မမြင်တော့။ လမ်းသွားလမ်းလာတွေ ရှိနေသည်ကိုလည်း သတိမထားမိဘဲ အံ့သြဘနန်းဖြင့် အကျယ်ကြီး အော်မေးလိုက်သည်။
“ဟင်၊ အဲဒါ ဘာပြောတာလဲ။ ဘယ်သူ့ကိုပြောတာလဲ။ ငါ့ကိုပြောတာလား။ ဘာတုန်း”
ထိုအသံကြောင့် ယာဉ်ထိန်းရဲ တအုပ်စုကြီး၊ လမ်းသွား လမ်းလာများနှင့် အမေရိကန် သံရုံးရှေ့မှ အစောင့် အားလုံး၏ မျက်လုံးများ ကျမနှင့် ထိုသူထံရောက်လာသည်။ ထိုအိန္ဒိယတိုင်းသားလည်း ကျမရှေ့က ခပ်မြန်မြန် ထွက်သွားတော့သည်။
နောက် ၃ နာရီကြာတော့ ကျမ မွေးကု ညွှန်မှူးနှင့် အင်တာဗျူးလုပ်ပြီး ရုံးကို မူလလမ်းအတိုင်း ပြန်လာ၊ ကျမ သတင်းထောက်ချုပ် ကို မဟာဗန္ဓုလ ပန်းခြံလမ်းက အဖြစ်အပျက်ကို ပြောပြလိုက်သည်။
“နောက် အဲဒီ ပန်းခြံနားကို တယောက်တည်း အူကြောင်ကြောင် သွားမလုပ်နဲ့။ ဒီဘက်က လူများတဲ့လမ်းကနေသွား” ဟု သူက ပြန်ပြောသည်။
ဒါက ကျမ ရန်ကုန် စရောက်ခါစ အတွေ့အကြုံ။ အဲဒီနေ့က စလို့ ကျမ မဟာဗန္ဓုလ ပန်းခြံ လူရှင်းသည့်ဘက်ဆို မလျှောက်တော့ တာ။ အခုချိန်ထိ။
ကျမတွင် ကြောက်စိတ်များ ရှိနေဆဲ ဖြစ်သည်။ အဲဒီတုန်းက ကျမ အသက် ၂၅ နှစ်။
၂၀၀၈ ခုနှစ်၊ စက်တင်ဘာ၊ ရန်ကုန်
ကလောင် တချောင်းကို မနိုင့်တနိုင်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ဆောက်နေသည့် အချိန်။ ကိုယ်ရေးကိုယ်တာ ကိစ္စ တခု အတွက် စိတ်ထိခိုက်နေဆဲ အချိန်။ ကိုယ့်စိတ်ကို တည့်မတ်ပြီး အရာရာကို အကောင်းမြင်စိတ်နှင့် ကြိုးစားနေဆဲ။ တရက် …။
“ခင်ဗျား … အလုပ်က ထွက်ပေးပါ” ဟု ကျမ အလုပ်ရှင်က ခေါ်ပြောလာသည်။ “ဘာကြောင့်လဲ၊ ဘာကြောင့်လဲ၊ ဘာကြောင့် ဒီလို ဖြစ်တာလဲ” ဆိုသည်က ကျမအတွေး။
ကျမတို့ ဆွေးနွေးဖြစ်ကြသည်။ ကျမက အယ်ဒီတာ၊ ကျမနှင့် ဆွေးနွေးသူက အယ်ဒီတာချုပ်။ အမျိုးသား။
“ကျမကို ဘာကြောင့် အလုပ်ထွက်ပါလို့ ပြောတာလဲ”
“ငါတို့ စောင့်ကြည့်နေတာ ကြာပြီ။ အချက်အလက် ခိုင်ခိုင်လုံလုံ မရသေးချိန်မှာ ဆရာက သွားပြောတာကိုး။ ငါပြောတာက ကျနော်တို့ စောင့်ကြည့်နေဆဲပါလို့ ပြောတာပါ”
“ဘယ်ဟာတွေကများ သံသယ ဖြစ်စရာတွေ တွေ့ရလို့လဲ”
သူပြောသမျှ အများကြီးထဲမှ ကျမ မှတ်မိသည့် အချက် ၃ ချက် ရှိသည်။
“ဒီလကုန် လက်ပ်တော့ပ် ၀ယ်မယ်လို့ ပြောသံကြားတယ်။ နောက် ကျန်းမာရေး မကောင်းတာကိုလည်း ဆေးကုနေသေးတယ်။ မိသားစုကိုလည်း ထောက်ပံ့နေတယ် ကြားတယ်။ ငါတို့ ပေးထားတဲ့ လစာက တလကို ကျပ် ၅ သောင်း။ ဒီပိုက်ဆံနဲ့ ဒါတွေ လုပ်လို့ မရဘူး။ အဲဒီတော့၊ အဲဒီလို သုံးနေတဲ့ ပိုက်ဆံတွေ ဘယ်က ရသလဲ။ ဒါက မသင်္ကာ စရာ အဓိက အချက်ပဲ”
ကြားလိုက်ချိန်တွင် ကျမ အလုပ်ထွက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ဒီလို အတွေးအမြင် ရှိသူတွေက ကလောင်ကိုင်ပြီး စတုတ္ထမဏ္ဍိုင် အဖြစ် နိုင်ငံတည်ဆောက်ရေး လုပ်မည် ဆိုသည်ကို ကျမ မယုံ။ ဒီတခါတော့ ကျမ ကြောက်စိတ်ကြောင့် မဟုတ်တော့၊ ယုံကြည်ချက်ကြောင့် ရှောင်ကျဉ်ခဲ့သည်။ အဲဒီအချိန်က ကျမ အသက်၂၇ နှစ်။
၂၀၁၀၊ မတ်လ၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့
အိပ်ရာ စောစောထ၊ သတင်းနားထောင်ပြီး ပြန်အိပ်တတ်သည့် ကျမကို ကျမ အယ်ဒီတာက ဖုန်းခေါ်သည်။ “နိုင်ငံတကာ အမျိုးသမီးများနေ့ အတွက် သတင်း တပုဒ် လုပ်ပေးပါ” ဟု ဆိုလာသည်။
ဒါနှင့် ကျမ သတင်းရှာသည်။ အမျိုးသမီး အဖွဲ့များကို မေးသည်။ “စစ်အစိုးရက အမျိုးသမီး အခွင့်အရေးကို နိုင်ငံရေး နယ်ပယ်၊ စီးပွားရေး နယ်ပယ်နဲ့ လူမှုရေး နယ်ပယ်တွေမှာပါ တွင်တွင် ကျယ်ကျယ် ချိုးဖောက်နေတယ်” ဟု ပြည်ပ အခြေစိုက် အမျိုးသမီး အဖွဲ့က ဆိုသည်။
ပြည်တွင်း အမျိုးသမီးအဖွဲ့ကတော့ မြန်မာ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ အခွင့်အရေး ရရှိသည်။ ဒေသတွင်း ခွဲခြား ဆက်ဆံခံရမှု အနည်းဆုံး ဖြစ်သည်။ အစဉ်အလာအရ ယဉ်ကျေးမှု အဆင့်အတန်း မြင့်သည်နှင့် အညီ အမျိုးသမီးများကို မိခင်၊ နှမ အဖြစ် ရှုမြင်ပြီး လေးစားကြသည်ဟု စကားလုံးလှလှများဖြင့် ပြောကြသည်။
စစ်အစိုးရ တင်လား။ ကျမတို့ အခွင့်အရေး၊ ကျမတို့ လုံခြုံမှုကို စစ်အစိုးရ တခုတည်းက ချိုးဖောက်နေသလား။ ကျမ မြန်မာ အမျိုးသမီး အားလုံးကို တယောက်မကျန် မေးကြည့်ချင်သည်။ လူထု စစ်တမ်း ကောက်ယူ ချင်သည်။
ကျမ တဦးတည်း သီးသန့် အမြင်ကို ပြောရပါလျှင် မြန်မာ အမျိုးသမီးများ၏ နိစ္စဒူဝ နေ့စဉ် ဘ၀များ၌ပင် လိင်ပိုင်းဆိုင်ရာ မတော်တရော် ပြောဆိုခံရမှု၊ လုပ်ငန်းခွင်၌ ခွဲခြား ဆက်ဆံ ခံရမှုများ မြန်မာ လူ့ပတ်ဝန်းကျင်၌ ခေတ်အဆက်ဆက် ရှိနေဆဲ ဖြစ်သည်။
အမျိုးသမီးတို့ ဘ၀လုံခြုံရေး၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေး အာမခံချက် မပေးနိုင်သည့် လူ့အဖွဲ့အစည်း တရပ်၏ ယဉ်ကျေးမှု အဆင့်အတန်း ဆိုသည်ကိုလည်း မြန်မာ အမျိုးသမီး တယောက်အနေဖြင့် မေးခွန်း ထုတ်နေမိသည်။
ထိုမေးခွန်း ကိုတော့ မည်သူ ဖြေမည်မသိ။
Set as favorite
Bookmark
Email this
Hits: 6253
Comments (8)

written by min min , May 16, 2010
ကလောင် တချောင်းကို မနိုင့် တနိုင် ကိုင်ပြီး ကိုယ့်ကိုယ်ကို ရပ်တည်နေတဲ့ အချိုန် ..ဆိုတဲ့ အသုံး အနုန်းကို အရမ်းသေ ဘာ ကျပါတယ်.. ကိုယ့် calture အရ အဖြစ် အပျက်တွေကို မပြောပြနိုင်တာ. .ဒုနှင့်ဒေး ရှိနေပါလိမ့်မယ်.. အကောင်းဆုံး ကတော့ forumတခု လုပ်ပြီး အမတို့ လို လူတိုင်း ရင်ဖွင့်နိုင်တဲ့ နေရာလေး တခုဖန်တီး ပေးနိုင်ရင်တော့ အကောင်းဆုံး ဖြစ်မှာပါ။ တချက်ခုတ်နှစ်ချက်ပြတ် ဖြစ်ချင်ရင်တော့.. truestory လေးလည်း ဖြစ်အောင်. .စစ်တမ်းလည်း ရအောင် ပေးပို့ သူရဲ့ Biodata အပြည့်အစုံ.. ဒါမှမဟုတ် အမြဲတန်း ဆက်သွယ်လို့  ရနိုင်မဲ့ အထောက်အထား တခုခုပေါ့.့  သူတို့ ရဲ့ story ကလွဲလို့ Personal data တွေကိုတော့ ပိုင်ရှင် မသိဘဲ ဘယ်သူ့ ကိုမှ မပေးဘူး ဆိုတာ ကြို ပြီး ကတိပေးနိုင်ရ မှာလေ...eg..ph no and real address တွေပေါ့.
written by mahhyu@gmail.com, April 27, 2010
မသိင်္ဂီ-
အတော် ကောင်းတဲ့ စာလေးပါ- မြန်မာ အမျိုးသမီးများ နေစဥ်ခံစားနေရတဲ့ ခံစားမှု့တွေပါ-
နောက်ရေးမဲ့ စာလေးတွေကို မျော်လင့်လျက်-
အတော် ကောင်းတဲ့ စာလေးပါ- မြန်မာ အမျိုးသမီးများ နေစဥ်ခံစားနေရတဲ့ ခံစားမှု့တွေပါ-
နောက်ရေးမဲ့ စာလေးတွေကို မျော်လင့်လျက်-
written by ougkar, April 23, 2010
i would like to invite all the women should open their mouth on suffering something. it is chance for all of you. it is human right era and women right era. the more other know your case the more can help.
written by kyithantun, April 23, 2010
မိန်းမဆိုရင် အထင်သေးတာ နဲနဲလေး ခံစားမှုနောက် လိုက်တာနဲ့ ရှုတ်ချတာ ကျွန်တော်လုံးဝ မကြိုက်ပါ
written by SAM, April 23, 2010
"စစ်အစိုးရ တင်လား။ ကျမတို့ အခွင့်အရေး၊ ကျမတို့ လုံခြုံမှုကို စစ်အစိုးရ တခုတည်းက ချိုးဖောက်နေသလား။ ကျမ မြန်မာ အမျိုးသမီး အားလုံးကို တယောက်မကျန် မေးကြည့်ချင်သည်။ လူထု စစ်တမ်း ကောက်ယူ ချင်သည်။
On the bus, in the streets, around the parks, even at pagodas... and, yes, the woman is always blamed.
Thank you for this article. Please distribute it all over the country.
On the bus, in the streets, around the parks, even at pagodas... and, yes, the woman is always blamed.
Thank you for this article. Please distribute it all over the country.
written by မယ်ဗမာ, April 23, 2010
ယခုဆောင်းပါးလေးကို သဘောကျသည်။
"စစ်အစိုးရ တင်လား။ ကျမတို့ အခွင့် အရေး၊ ကျမတို့ လုံခြုံမှုကို စစ်အစိုးရ တခုတည်းက ချိုးဖောက် နေသလား။ ကျမ မြန်မာ အမျိုးသမီး အားလုံးကို တယောက် မကျန် မေးကြည့်ချင်သည်။ လူထု စစ်တမ်း ကောက်ယူ ချင်သည်။" ဒီအချက်ကို သဘော ကျသည် လုပ်သင့်သည်ဟု ထင်သည်။ ကိစ္စ တော်တော် များများမှာ အမျိုးသမီးများ ကပင် အမျိုးသမီးများ အပေါ် နည်းပေါင်း စုံဖြင့် ခွဲခြားမှု၊ ဆရာမွေး၊ တပည့် မွေးမှုများ နေရာ တကာတွင်ရှိသည်။ သို့သော်လည်း စစ်အစိုးရ၏ အမျိုးသမီးများ အပေါ် စော်ကားမှု၊ နိုင်လိုမင်းထက် ပြုမှုများက သိသာ ထင်ရှားနေ သဖြင့်သာ အမျိုး သမီးများက အမျိုး သမီးများ အပေါ် ခွဲခြား ဆက်ဆံ၊ နိုင်လို မင်းထက် ပြုမှုများက မှေးမှိန်နေသည် ဟု ယူဆသည်။
"စစ်အစိုးရ တင်လား။ ကျမတို့ အခွင့် အရေး၊ ကျမတို့ လုံခြုံမှုကို စစ်အစိုးရ တခုတည်းက ချိုးဖောက် နေသလား။ ကျမ မြန်မာ အမျိုးသမီး အားလုံးကို တယောက် မကျန် မေးကြည့်ချင်သည်။ လူထု စစ်တမ်း ကောက်ယူ ချင်သည်။" ဒီအချက်ကို သဘော ကျသည် လုပ်သင့်သည်ဟု ထင်သည်။ ကိစ္စ တော်တော် များများမှာ အမျိုးသမီးများ ကပင် အမျိုးသမီးများ အပေါ် နည်းပေါင်း စုံဖြင့် ခွဲခြားမှု၊ ဆရာမွေး၊ တပည့် မွေးမှုများ နေရာ တကာတွင်ရှိသည်။ သို့သော်လည်း စစ်အစိုးရ၏ အမျိုးသမီးများ အပေါ် စော်ကားမှု၊ နိုင်လိုမင်းထက် ပြုမှုများက သိသာ ထင်ရှားနေ သဖြင့်သာ အမျိုး သမီးများက အမျိုး သမီးများ အပေါ် ခွဲခြား ဆက်ဆံ၊ နိုင်လို မင်းထက် ပြုမှုများက မှေးမှိန်နေသည် ဟု ယူဆသည်။
Write comment
| < Prev | Next > |
|---|


