“ဒီပွဲက ယူရို ၂၀၀၈ တုန်းက ဖိုင်နယ်မှာ ဆုံခဲ့တဲ့ ဂျာမနီနဲ့ ပွဲထက် အများကြီး အရေးကြီးတယ်” ဟု ကားဆီးလက်စ်က ဆိုသည်။စပိန်အသင်းသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဥရောပ ချန်ပီယံဖလား၏ နောက်ဆုံးဗိုလ်ပွဲတွင် ဖာနန်ဒို တောရက်စ်၏ သွင်းဂိုးဖြင့် ဂျာမနီအသင်းကို အနိုင်ယူပြီး ဥရောပ ချန်ပီယံဖြစ်ခဲ့သည်။
စပိန်အသင်းသည် ကမ္ဘာ့ဖလားတွင်မူ ယခုတကြိမ်သာ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိခြင်းဖြစ်သည်။
စပိန်အသင်းအတွက် ဂိုးအများဆုံး သွင်းယူပေးထားသည့် တိုက်စစ်မှူး ဒေးဗစ်ဗီလာက “လွန်ခဲ့တဲ့ ၂ နှစ်ကလည်း ဂျာမနီကို အနိုင်ယူခဲ့ဖူးတယ်။ ဒါပေမယ့် မေ့လိုက်ဖို့ လိုအပ်နေပြီ” ဟု ဆိုသည်။
ယခုကဲ့သို့ ပြိုင်ဘက် အသင်းဟောင်း ဂျာမနီနှင့် စပိန်အသင်းတို့ ယခုအဆင့်တွင် လာရောက်တွေ့ဆုံရသည့်အတွက် ဂျာမနီအသင်းသားများ အနေဖြင့်လည်း ပျော်ရွင်လိမ့်မည် မထင်ကြောင်း၊ စပိန်အသင်းသားများ အနေဖြင့်လည်း ဥရောပချန်ပီယံ ဖြစ်ရုံနှင့် ကျေနပ်မနေသင့်ကြောင်း၊ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ရမည့်အရေးထက် ပိုမိုအရေးပါသော အရာ ဘာမျှမရှိဟု ကားဆီးလက်စ်က ဆိုသည်။
ဒေးဗစ်ဗီလာသည် စပိန်အသင်းအတွက် ၅ ဂိုးသွင်းယူပေးထားပြီး ဂိုးအများဆုံး သွင်းသူတဦး အဖြစ် လက်ရှိ အခြေ အနေတွင် ရပ်တည်နေသည်။
စပိန်အသင်းတွင် ဂိုးသမားသည် ဂျာမနီ ဂိုးသမားထက် အတွေ့အကြုံပိုင်းတွင် သာလွန်ပြီး ဂျာမနီ၏ အဓိက ကစားသမား သောမတ်စ် မူလာမှာလည်း ၂ ပွဲဆက်တိုက် အ၀ါကတ်ပြခံထားရသည့်အတွက် ယခုပွဲတွင် မပါနိုင်သောကြောင့် စပိန်အသင်း အလားအလာ ပိုကောင်းကြောင်း ၀ါရင့်အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က သုံးသပ်သည်။
ဂျာမနီအသင်းသည် ကမ္ဘာ့ဖလား ၃ ကြိမ်ရရှိခဲ့ဖူးပြီး စပိန်အသင်းမှာမူ တကြိမ်မှ မရရှိသေးပေ။ စပိန်အသင်းသာ ဂျာမနီအသင်းကို အနိုင်ရရှိခဲ့ပါက ဗိုလ်လုပွဲတွင် နယ်သာလန်အသင်းနှင့် တွေ့မည်ဖြစ်သည်။
ထိုအသင်း ၂ သင်းတွင် တသင်းသင်း ဗိုလ်စွဲပါက ကမ္ဘာ့ဖလားကို မရဖူးသေးသည့် ဥရောပအသင်းသစ်များ အဖြစ် သမိုင်းဝင်သွားမည်ဖြစ်ပြီး ချန်ပီယံ အသင်းသစ် ထွက်ပေါ်လာမည်ဖြစ်သည်။
Set as favorite
Bookmark
Email this
Hits: 5697
Comments (0)

Write comment
| < Prev | Next > |
|---|


