“တပ်နဲ့ နိုင်ငံရေးရောရင် ငါးပါးတင်မကဘူး ဆယ်ပါးအထိ မှောက်တတ်တယ်”

ကျနော့်ကို ၁၉၄၁ ခုနှစ်မှာ မွေးတယ်။ တော်လှန်ရေး အကြောင်းတွေကို ကျနော့်အနေနဲ့ မသိခဲ့ရဘူး။ နောက် မျိုးချစ်စိတ်နဲ့ လှုပ်ရှားတဲ့ ကျောင်းသားတွေ၊ လူငယ် တွေကိုလည်း မမီခဲ့ဘူး။ ဒါပေမယ့် ဘာကို မီသလဲဆိုတော့ တရုတ်ဖြူအရေးအခင်းကို ကျနော်တို့က မီတယ်။ တရုတ်ဖြူအရေးအခင်း ဖြစ်တဲ့ချိန်မှာ ကျနော်က ၅ တန်း၊ ၆ တန်းဆိုတော့ အဲဒီမှာ စိတ်ကနိုးကြား နေပြီ။

U-Win-Hteinအဲဒီလို အချိန်မှာ တရုတ်ဖြူက ဗမာပြည်ကို ဒီလို ကျူးကျော်လာတဲ့ အခါကျတော့ အဲဒီအရေး အခင်းဟာ တမျိုးသားလုံးရဲ့ အရေးအခင်း ဆိုပြီးမှ တပ်မတော်က တိုက်ရတယ်။ တပ်မတော်က အင်မတန် လူကြိုက် များနေတဲ့ အချိန်လည်း ဖြစ်နေတယ်။

ကျနော် ကြီးပြင်းလာတဲ့ အခါကျတော့ ကံအားလျော်စွာ စစ်တက္ကသိုလ် ဆိုတာ ပေါ်လာပြီး လူငယ်တွေကို စုဆောင်းတဲ့ အခါမှာ ကျနော် စစ်တက္ကသိုလ်ကို ၁၉၅၉ ခုနှစ်မှာ ရောက်သွားခဲ့တာပေါ့။ ဝင်ခွင့် ဖြေရတယ်၊ အောင်တဲ့လူ ရွေးပြီးမှ OTT (ဗိုလ်ရွေး) ကိုခေါ်၊ အဲဒီအခါကျမှ ကျနော်တို့က စစ်တက္ကသိုလ် အရွေးခံရတာပေါ့။ အပတ်စဉ် ၅ ပေါ့လေ။

အပတ်စဉ် ၁ နဲ့ ၂ တုန်းကတော့ စစ်တက္ကသိုလ်က ဗထူးမှာ၊ ဗိုလ်လောင်းတွေက ၄ နှစ်သင်တန်းတက်တဲ့အခါမှာ အားတဲ့ အချိန်မှာကြည့်ကြဖို့ စာအုပ်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေဆိုရင် ကောင်းကောင်း မရှိတဲ့အတွက် ၄ နှစ်သင်တန်းသားတွေ အနေနဲ့ ပြင်ပ လေ့လာစရာ ကိစ္စတွေနည်းတယ်။ နောက်ပြီးတော့ အပန်းဖြေစရာတွေ နည်းတယ် ဆိုပြီးတော့ မေမြို့ (ပြင်ဦးလွင်) ကို ပြောင်းပစ်လိုက်တာ။

ကျနော်တို့ စစ်တက္ကသိုလ်တက်တုန်းက အုပ်ချုပ်မှုစနစ်ဆိုတာ အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်က အုပ်ချုပ်ပုံအတိုင်း ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ်တဲ့စနစ် (Senior Junior system) လုပ်ထားပါတယ်။ အဲဒီလို အုပ်ချုပ်တဲ့အခါမှာ စပြီးတော့ လုပ်တဲ့ အချိန်မို့လို့လား မသိဘူး။ အခုခေတ်လိုတော့ အပေါ်က senior ကနေ junior ကိုဖိတာ အင်မတန် နည်းတယ်။ အမိန့်အတိုင်းပဲ လုပ်ကြတယ်။ တိတိကျကျ လုပ်ကြတယ်။

အခုကျတော့ Senior က Junior ကို ညှင်းဆဲတာတွေ အလွန်အကျွံတွေ ကြားရနေတယ်။ Senior က မျက်မုန်းကျိုးတဲ့ကောင် ဆိုရင် နေ့ရော ညရော အကြောင်းရှာပြီး အပြစ်ပေးတော့တာပဲ။

လက်ထောက်မှောက်ခိုင်းတယ်။ ဂျွမ်းထိုးခိုင်းတယ်။ နောက်ပြီးတော့မှ ထုပ်တန်းခုန်ပြီးတော့ တချို့ဆိုရင်ပေါ့လေ ဆိုးဆိုးရွားရွား ဒဏ်ရာရပြီးတော့ ထွက်သွားတဲ့ ဗိုလ်လောင်းတွေတောင်ရှိတယ်။ ဒါမဖြစ်သင့်ဘူး။ ဒါမျိုးတွေကို ဘယ်လို ကာကွယ် သင့်သလဲဆိုရင် သက်ဆိုင်ရာ ဗိုလ်လောင်းတာဝန်ကျတွေမှာ တာဝန်ရှိတယ်။ တပ်ခွဲအရာရှိတွေမှာ တာဝန် ရှိတယ်။ ဒါကို တားကို တားမြစ်ရမယ်။

ကျနော်တို့ခေတ်တုန်းက အပြစ်ပေးတယ်ဆိုတာအလွန်အကျွံမဟုတ်ဘူး။ ခါးပတ်မပြောင်တာတို့၊ ဖိနပ်မပြောင်တာ တို့ဆိုရင် အပြစ်ပေးတယ်။ ဘယ်လိုလုပ်လဲဆိုတော့ ကျောပိုးအိတ်ထဲမှာ အုတ်ခဲလေးလုံးထည့် ပြီးတော့ ညနေ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ရတယ်။ ခံရတဲ့လူကလည်း သက်သာတယ်။ အခုနောက်ပိုင်းမှာ တော်တော် ရက်စက်တယ်။

အဲဒီခေတ်က တက္ကသိုလ်ပေါ်ခါစဆိုတော့ ကျောင်းမှာရောက်လာတဲ့ စာပေပိုင်းက ဆရာတွေရော၊ လေ့ကျင့်ရေးပိုင်းက ဆရာတွေရော အင်မတန်တော်ကြတယ်။ ဆရာတွေဆိုရင် အမေရိကန် စစ်တက္ကသိုလ်၊ Command and General Staff ကောလိပ်၊ အဲလိုနေရာတွေက ဆင်းလာတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ တော်ပေ့ဆိုတဲ့ဆရာတွေကို ခေါင်းခေါက် ရွေးလာတဲ့ ဆရာကောင်း သမားကောင်းတွေ မီလိုက်တာပေါ့။

နှစ်စဉ်နှစ်တိုင်း ကျောင်းဆင်းတဲ့ ဗိုလ်လောင်းတွေကို တော်အောင်၊ ပြိုင်ဆိုင်ချင်စိတ်ရှိအောင်ဆိုပြီးမှ အမှတ်တွေကို အကဲ ဖြတ်ပြီး ဆုတွေ ဘာတွေ ပေးကြတာပေါ့။ အမှန်တော့ ဗိုလ်လောင်းတိုင်းက တော်ချင်ကြတယ်၊ ဆုရချင်ကြတယ်။ အဲဒီတော့ ဆုရဖို့အတွက် ပေါ်ပေါ်ထင်ထင် ကြိုးစားတဲ့လူရှိသလို ကြိတ်ပြီးကြိုးစားတဲ့ဗိုလ်လောင်းတွေ ရှိတယ်။

ကျနော်ကတော့ ကြိတ်ကြိုးစားတာလည်း မဟုတ်ဘူး၊ ပေါ်ပေါ်ထင်ထင်လည်း ကြိုးစားတာမဟုတ်ဘူး။ ဒါပေမယ့် ချတဲ့ စည်းမျဉ်းအတိုင်းကိုတော့ အလုပ်လုပ်တယ်။ နောက် ကျနော်က နည်းနည်းတော့ ဉာဏ်ရည် ထက်နေတဲ့အချိန်ဆိုတော့ စာတွေဘာတွေ ရတယ်။

ဒါပေမယ့် ပထမနှစ် မှာတုန်းက ရူပ၊ ဓာတု နဲ့ အင်္ဂလိပ် သင်ရတယ်ဗျာ။ ကျနော်တို့က တောကျောင်းကလာတာလေ။ ၅ တန်းလောက်ကျမှ အင်္ဂလိပ်စာ သင်ရတဲ့အခါကျတော့ ဘယ်လိုမှ စာမလိုက်နိုင်ဘူး။ ပထမ လပတ်စာမေးပွဲတုန်းက ၈ ဘာသာမှာ ၄ ဘာသာ ကျတယ်။ လူက တော်တော် ခြောက်ခြားသွားတယ်။ ဘာကြောင့် ခြောက်ခြားသွားလဲဆိုတော့ ကျနော့်ရဲ့ senior လည်းဖြစ်၊ ကျောင်းနေဘက် သူငယ်ချင်းလည်းဖြစ်တဲ့ သူငယ်ချင်းတယောက်က စာမေးပွဲကျလို့ ခြေလျင်တပ်ကို ရဲဘော်အဖြစ်နဲ့ပြောင်းသွားရတယ်။

ဟာ ဒီမှာ စာမေးပွဲကျပြီ၊ ဒုက္ခပဲဆိုပြီး စွက်ကျက်လိုက်တာ ဒုတိယ လပတ်စာမေးပွဲမှာတော့ ကျနော်က ရူပနဲ့ ဓာတု နှစ်ဘာသာပဲ ကျတော့တယ်။ ကျနော်က ည ၇ နာရီကနေ ၉ နာရီ ပုံမှန်ကျက်တယ်။ အားတဲ့အချိန်ဆိုရင် စာကျက်တယ်၊ အပြင်လည်းသိပ်မထွက်ဖြစ်ဘူး။ အောက်တိုဘာ နှစ်ဝက်စာမေးပွဲ ပြီးတဲ့အခါမှာ လေ့လာရေး ထွက်ကြတယ်။ ပုပ္ပားတို့ မင်းဘူးတို့ ပုဂံတို့မှာ ၂ ပတ်နေပြီးတော့ ပြန်လာတယ်။ ပြန်လာပြီးအောင်စာရင်းထွက်တော့ ကျနော်က ပထမ ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က စာကျက်တာ ဘုန်းကြီးတွေ ကျက်သလို ကျက်တာကိုး။

ဒုတိယနှစ်၊ တတိယနှစ်မှာ ကျနော့်ကို မီတဲ့လူ သိပ်မရှိတော့ဘူး။ နောက်ဆုံးနှစ် ရောက်တဲ့အချိန်မှာ စာပေဆုရမယ်ဆိုတာ ကျနော့်ကိုယ်ကျနော်သိတယ်။ ဒါပေမယ့် ကြွားလဲမကြွားဘူး။ သူများကိုလည်း ထုတ်မပြောဘူး။ အောင်စစ်သည် ဆုကိုတော့ ကျနော့်အနေနဲ့ သိပ်မထင်ဘူး။ အဲဒါက စာပေပိုင်းရော၊ လေ့ကျင့်ရေးပိုင်းပါ တော်မှ ရမှာလေ။ ပြီးတော့ ကျနော်က ကိုယ့်ကိုယ်ကိုယ် စာပေဆုရမယ်လို့ သိနေတော့ နောက်ထပ်တဆု ရမှာမဟုတ်ဘူးလို့ တွက်ထားတယ်။

ကျနော်တို့ ကျောင်းဆင်းပွဲမှာ ဗိုလ်ချုပ်ကြီး စန်းယုတက်တယ်။ စစ်ရေးပြနဲ့ ချီတက်၊ အလေးပြုပြီးတော့ ဆုတွေကို ဘယ်သူတွေရလဲ ဆိုတာကို ကြေညာတော့မယ်။ အဲဒီအချိန် စိတ်ထဲမှာ တော်တော်သိချင်နေပြီ။

အဲဒီမှာ အောင်စစ်သည်ဆုအတွက် ကျနော့် နာမည် အော်ခေါ်လိုက်တဲ့အခါကျတော့ ကျနော်အံ့အားသင့်သွားပြီးတော့ တစက္ကန့် နှစ်စက္ကန့်လောက် ငိုင်သွားတယ်။ ငိုင်သွားပြီးမှ သတိဆွဲ၊ အလေးပြု၊ ဗိုလ်ချုပ်စန်းယုဆီသွားပြီးတော့မှ အဲဒီဆုကိုယူ၊ အဲဒီချိန်မှာ စိတ်က လမ်းသာလျှောက်နေရတာ၊ လူက လေထဲရောက်နေသလိုပဲ။ ဟာပြီး မြောက်နေတယ်။

ဒုတိယအကြိမ် ကြေညာတာက လေ့ကျင့်ရေး ထူးချွန်ဆု၊ အဲဒါကိုတော့ ကျနော်တို့ဆီက ကိုလှကြည်ဆိုတဲ့ ဗိုလ်လောင်း ရသွားတယ်။ တတိယ ခေါ်တာက စာပေထူးချွန်ဆု၊ အဲဒီဆုအတွက် ကျနော့်နာမည်ကို ထပ်ခေါ်တဲ့အချိန် အဲဒီမှာ ဘာဖြစ်သွားလဲဆိုတော့ စိတ်က မြောက်သွားတယ်။ လမ်းလျှောက်ရင်တောင် လျှောက်မှန်းမသိတော့ဘူး။ သူငယ်ချင်း တွေ ချီးကျူးတာတောင်မှ လေထဲမှာ လွင့်သွားသလိုခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက စစ်တက္ကသိုလ်သမိုင်းမှာ ကျနော်က ပထမ ဦးဆုံးရလိုက်တာပဲ။

စာပေထူးချွန်ဆုအတွက် ရွှေတံဆိပ်ပေးတယ်။ အောင်စစ်သည်ဆုအတွက် ပေးတဲ့ ငွေဓားကတော့ အခုထက်ထိအိမ်မှာ ရှိတယ်။ အဲဒီဓားကို အင်္ဂလန်နိုင်ငံ ရှက်ဖီး ကုမ္ပဏီက လုပ်တာပါ။

ကျနော် အောင်စစ်သည်ဆုရတယ် ဆိုပေမယ့်လည်း ညစာစားပွဲမှာ အခုခေတ်လိုမျိုး တပ်ချုပ်ကြီးနဲ့ စားပွဲတဝိုင်းတည်း ထိုင်ပြီး စားရတာမျိုးမရှိဘူး၊ စားချင်တဲ့ဝိုင်းမှာစား၊ လူကြီးတွေ၊ ဗိုလ်ချုပ်စန်းယုတို့၊ ကျောင်းအုပ်ကြီးတို့ ဘာတို့ စားတဲ့ဝိုင်းက သပ်သပ် ထားတာ။ ကျနော်တို့ကို လွှတ်ထားပေးတော့ ကျောင်းဆင်းပွဲဟာ ကျောင်းသားတယောက်ရဲ့ ကျောင်းဆင်းပွဲ ပီပီသသ ဖြစ်သွားတာပေါ့။

ကျောင်းဆင်းတော့ ကျနော် စပြီးတာဝန်ထမ်းဆောင်ရတဲ့ မိခင်တပ်ရင်းက သနက (၅) ကျုံပျော်မှာ။ အဲဒီအချိန်တုန်းက မြစ်ဝကျွန်းပေါ်မှာ သူပုန်တွေက ပြည့်လို့။ အလံနီရှိတယ်၊ အလံဖြူရှိတယ်၊ ကရင်ရှိတယ်။ မြို့ကနေထွက် နာရီဝက် အတွင်း သူတို့နဲ့ တိုက်ပွဲဖြစ်လေ့ဖြစ်ထရှိတဲ့ ဒေသပေါ့။ အင်မတန်ပဲ ကြမ်းတမ်းတယ်၊ အင်မတန်လည်း ခက်ခဲတယ်။ ကျနော်တို့ သာရင် ကျနော်တို့ တိုက်လို့ သူတို့ကခံသွားရတယ်။ သူတို့သာရင်လည်း တပ်စုလိုက်ပြုတ်တဲ့အထိ တိုက်တဲ့ တိုက်ပွဲတွေ ရှိသေးတယ်။

ကျုံပျော်မှာ တနှစ်လောက်နေပြီးတော့ မအူပင်ပြောင်းတယ်။ မအူပင်ပြောင်းတဲ့အချိန်မှာ ကျနော်တို့ အရှေ့မြောက်ဒေသ ကွတ်ခိုင် အခု နမ့်ဖတ်ကာ၊ မုန်းပေါ်၊ တာမိုးညှင်း မှာဝင်ရတယ်။ အဲတုန်းက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပေါ့၊ ဗကပ မပေါ်သေးဘူး။ 

မြစ်ဝကျွန်းပေါ်မှာ နေရတုန်းကလည်း ပြောက်ကျား နဲ့ပဲ အတိုက်ခံရတာ။ အရှေ့မြောက်ပိုင်းကို ဝင်ရတော့လည်း KIA က ပြောက်ကျားလို တိုက်နေတဲ့အခါကျတော့ သိပ်ပြီးတော့ ထူးထူးခြားခြား ကွာခြားတာမျိုးမရှိဘူး။ ရေမြေ တောတောင် အပြောင်းအလဲတော့ ရှိတာပေါ့။

အဲဒီတုန်းက ရဲဘော်တွေ၊ အကြပ်တွေက တော်တော်ရိုးတယ်။ ဘယ်လို ရိုးဖြောင့်သလဲဆိုရင် သူပုန်စစ်ကြောင်းက ဘိန်းတွေ မိတယ်၊ နည်းတာမှမဟုတ်ဘူးမိတာ၊ ဂုန်နီအိတ်တလုံးဆိုရင် ၁ ပိဿာ၊ ၂ ပိဿာလောက်ရှိတဲ့ ဘိန်း ၃၊ ၄၊ ၆ လုံး လောက်ပါတယ်။ အဲဒီလို ဂုန်နီအိတ်တွေ အလုံး ၂၀၊ ၃၀ မိတယ်။ ကျနော်တို့က အဲဒါတွေကို လာရှိုးမှာရှိတဲ့ တိုင်း စစ်ဌာနချုပ်ကို သွားပြီးအပ်လိုက်တာပဲ။ လုံးဝ ကိုယ်ရေးကိုယ်တာ မသုံးဘူး။

အခုက တပ်မတော်ကို အရမ်းချဲ့လိုက်တော့ အရေအတွက် များသွားပြီး အရည်အချင်းရှိတဲ့သူတွေက နည်းသွားပြီ။ ငွေရေးကြေးရေးကိုလည်း အဓိက ထားလာကြတယ်။ ဒေသအလိုက် စောင့်ရတဲ့တပ်တွေကို သူတို့ရဲ့ လမ်းကြောင်းထဲ ကုန်တွေတင်ပြီး ဖြတ်သန်းတဲ့ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်၊ ကား မှန်သမျှ ဆက်ကြေးပေးရတယ်။ အဲဒီဆက်ကြေးကို သူတို့ခွဲယူကြသတဲ့။ အဲဒီဆက်ကြေး ခွဲယူတဲ့စနစ်က ဟိုးတုန်းက သူပုန်တွေလုပ်တာ။ အခုခေတ် တပ်မတော်ကြီးက အဲဒီလောက်တောင် ဖြစ်သွားပြီလား ဆိုပြီးတော့ ကျနော် တော်တော် အံ့သြမိတယ်၊ ဝမ်းလည်း နည်းတယ်။

နောက်တခုက ကျနော် စစ်ရုံးမှာ တာဝန်ထမ်းဆောင်ရတဲ့ အချိန် ဗိုလ်ချုပ်ကြီးတင်ဦး နုတ်ထွက်သွားတဲ့အခါမှာ အရာရှိတွေ ပွစိပွစိပြောလာကြတယ်။ အဲဒီတုန်းက ကျနော်လည်း ပြောမိပါတယ်။ သို့သော် ကျနော်ပြောတာက ကိုယ့်အထက် လူကြီးကို နှမြောလို့၊ ကိုယ့်ဟာကို စိတ်မချမ်းသာလို့ ပြောမိတာပဲရှိတယ်။ ဒါပေမယ့် အဲဒီမှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ဗိုလ်စံကြည်တို့က မကျေနပ်လို့ ချမယ်၊ ပြုမယ် ဘာညာဆိုတာကို သဲ့သဲ့တော့ကြားတာပေါ့။

ကြားတဲ့အခါမှာ ဗိုလ်ကြီးအုန်းကျော်မြင့် ကိုတော့ ကျနော်မပြောဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့သူနဲ့ အလှမ်းဝေးလို့ ဗိုလ်စံကြည်ကိုတော့ ကျနော်ပြောတယ်။ ဟေ့ မင်းတို့ အဲဒါမျိုးတွေ မပြောနဲ့။ ဗိုလ်ချုပ်ကြီး တင်ဦးထွက်လို့ မကျေနပ်ရင် ထွက်။ ဒါပေမယ့် ငါကတော့ မထွက်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကို မြတ်နိုးတယ်၊ တပ်မတော်ထဲမှာ ဆက်နေမယ်။ အဲဒီခါးသီးတဲ့ ခံစားချက်ကိုတော့ ဖျောက်ရမှာပဲလို့ ပြောတဲ့အခါကျတော့ အုန်းကျော်မြင့်တို့ စံကြည်တို့ နောက်ထပ် ကျနော့်ကို အဆက်အသွယ် မလုပ်တော့ဘူး။

၁၉၇၆ ဇူလိုင် ၂၀ ရက်နေ့ သတင်းနားထောင်တဲ့ အခါကျတော့ အစိုးရအဖွဲ့နဲ့ နိုင်ငံ့ခေါင်းဆောင်များကို လုပ်ကြံမယ့် အရာရှိ တွေကို ဖော်ထုတ်တယ်ဆိုပြီးတော့ကြေညာတယ်။ အဲဒီမှာပါတဲ့ အုန်းကျော်မြင့်တို့၊ စံကြည်တို့၊ ထွန်းကျော်တို့က ကျနော်နဲ့ သိတဲ့ကောင်တွေချည်းပဲ အဲဒီမှာအံ့လည်းအံ့ဩသွားတယ်။ အဲဒီအချိန်မှာ ကျနော်က ရှမ်းပြည်ရောက်နေပြီ၊ မိုင်းရှူးခွင် ခေါ်တာပေါ့။

အဲဒီပြဿနာဖြစ်တော့ ကျနော့်ကို ရှေ့တန်းက ပြန်ခေါ်၊ ရေကြည်အိုင် ပို့၊ အဲဒီကိစ္စဘာကြားသလဲ၊ ပတ်သက်မှုရှိလား၊ အုန်းကျော်မြင့်တို့နဲ့ ရင်းနှီးလား၊ အစုံပဲ ကျနော့်ကို စစ်ကြောရေးလုပ်တယ်။

အမှုလည်းပြီးရော ကျနော့်ကို တပ်ထဲမှာ ဆက်မနေရတော့ဘူးဆိုပြီးမှ ပင်စင်ပေးလိုက်တာ။ အဲဒါ ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ပေါ့။

ကျနော် ဖတ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတခုဆိုရင် ဗိုလ်ချုပ်ဘဝနဲ့ နိုင်ငံရေးလုပ်လို့မရဘူး၊ တပ်နဲ့ နိုင်ငံရေး ရောရင် ငါးပါးမကဘူး၊ ဆယ်ပါးမှောက်တတ်တယ်လို့ပြောသွားတာ။ အခုခေတ် ရဲဘော်တွေလည်း ကျနော်ပြောတာ ကြားနိုင်မယ်ဆိုရင်တော့ တပ်မတော်နဲ့ နိုင်ငံရေး ရောလုပ်မယ်ဆိုရင် ပြဿနာအကြီးအကျယ်တက်နိုင်တယ်ဆိုတဲ့ဟာကို ထပ်ပြီး သတိမူစေချင်ပါတယ်။

ဦးဝင်းထိန်သည် မြန်မာ့တပ်မတော်ထဲတွင် ၁၅ နှစ် ဝန်းကျင် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တက္ကသိုလ် သမိုင်း တလျှောက်တွင် အောင်စစ်သည်ဆုနှင့် စာပေထူးချွန်ဆုကို ပထမဆုံး ရရှိခဲ့သူဖြစ်သည်။ ၁၉၇၇ တွင် တာဝန်မှ အငြိမ်းစား ပေးခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုယ်ရေး အရာရှိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဝင်းထိန်ကို စစ်အစိုးရက ၁၉၈၉ မှ ၁၉၉၅ ခုနှစ်အထိ ထောင်ဒဏ် ၅ နှစ်ခွဲ၊ ၁၉၉၆ မှ ယခုနှစ် ဇူလိုင်လအထိ ထောင်ဒဏ် ၁၄ နှစ်နှင့် ၂ လကြာ ချမှတ်ခဲ့သည်။
Comments (12)Add Comment
0
...
written by ကိုကျော် ဘန်ကေါက်, July 29, 2011
ဗိုလ်ကြီဝင်သိန်း ဇနီးက အရင်က နာမည်ကြီး အဆိုကျော် အေဝမ်းတင်တင်လှ ပေါ့။မာမာအေးနဲ့တခောတ်ထဲ ရုပ်ရှင်သီချင်းဆိုတာ ပိုနံမည်ကြီးတယ်။ ဗိုလ်ကြီးအုန်ကျော်မြင့်တို့သာ အောင်မြင်ခဲ့ရင် အဲဒီ အချိန်ထဲကသာ ပြောင်းခဲ့ရင် ယိုဒယား။မလေရှား၊စင်ကါပူ တွေနားထားစမ်ပေါ့ဗျာ။ခုတော့ ကျုပ်တိုဘဲနာသွားရပါဘကော်။ ဖေါ်ကေါင်အဓိက က ဗိုလ်ချုပ်စော်ဖြူ လေတပ်ဦးစီး သူကဘဲ သူပထွေး နေဝင်း ကိုသွားတိုင်လိုက်တာ။ ဝန်ကြီးတွေ ဘာတွေအထိဖြစ်သွားတာ။သူက ရခိုင်လူမျိုးလေ။
0
...
written by Kyansittha Pagan, June 23, 2011
I salute you comrade.
You were a TRUE SOLDIER.
Now you are a TRUE REVOLUTIONARY no doubt.
One day in the future you will have your PLACE in the ANNALS OF OUR COUNTRY'S HISTORY of course.
ALL THE BEST FOR YOU WHEN YOU ARE FREE COMING JULY 2011 as well.
0
History will tell the truth
written by U Aye, May 31, 2011
Dear Uncle Capt. WH,
We know no one can change the existing true story about ne win, saw maung and than shwe...We guess you have a lot of true stories to share new generation like us...Pls write more...
We support you...
Keep Marching..
0
!
written by t, January 06, 2011
အခုတော့ အပါး သိန်း ထောင်ကျော် မှောက်ကုန်ပါဘီ...
0
...
written by soe, November 18, 2010
ဖွံ့ဖြိုးအောင်ဆောက်လုပ်ရေး ကုမ္ပဏီေ ထာင်ထားတာ ဖော်ကောင် ဝင်းသိန်းနဲ့ သူ့မိသားစုပေါ့
0
စီပွားရေး လည်းရော ကော
written by ko lynn, November 11, 2010
အခု စစ်တပ် က နိုင်ငံရေး တင်မက တော့ ပါဘူး စီးပွားရေး လည်း ရော ပါတယ်၊ အဲဒီတော့ ဓါးပြပါတိုက်တာ ပေါ့၊ ရှေတန်း နယ်မျြေမှာ သိသိသာသာ ကော မသိမသာ ပါ လုပ်တယ်၊ နောက်တန်း က အရာရှိကြီ်များ ကတော့ အေးဓါးပြ ပေါ့၊ သူတို့ စကား က လူကို ခင်ရင်မူ ကု ပြင် ပြီး လူ ကို မုန်းရင် မူကို သုံး တယ်တဲ့၊ အဲဒီတော့ သူတိုမူ က လူတွေကို နိပ်စက် ဖိုမူ ပေါ့
0
where are they now
written by Tuu Mar, November 03, 2010
I know Capt. Ohn Kyaw Myint was hang in prison (may he rest in peace and can conquor Ne Win in his next life.)
But where are Capt. San Kyi, Capt. Htun Kyaw??
And where is Win Thein who leaked out the sectet plan?
I heard some are in US.
0
လေးစားပါတယ်
written by 437, October 10, 2010
ဆက်လက် တိုက်ပွဲ ၀င်နိုင်ပါစေ
0
...
written by Boh Aung, October 07, 2010
လေးစားပါတယ်ဗျာ။ သတ္တိခဲ တပ်မတော် အရာရှိ ဟောင်း တဦးပါ။ ဒီလို လူမျိုးတွေ တပ်မတော်မှာ မရှိတာ တိုင်းပြည် အတွက် ဆုံးရှုံးမှုပါ။
0
Pls write more about army
written by MCT, October 06, 2010
Thanks you for sharing more about DSA student life and internal affair pf Army. New generation should study about army between 1960 to 1988. Pls write more whenever you are free.
0
ဆရာ ဟာ တာဝန် ယူဆဲ တာဝန် ကျေဆဲ
written by Khun Saing, October 05, 2010
ဗမာပြည်နိုင်ငံရေး ရဲ့ ပြသနာ သော့ချက်တခုမှာ လက်နက်ကိုင် စစ်တပ်က နိုင်ငံရေး ၀င် လုပ်ရုံတင မကဘူး။ လူထုကို အမိန့်ပေး အုပ်ချုပ် နေတဲ့ ကိစ္စဘဲ။ ဒါကို ပြည်တွင်းကေ နပြောရဲတဲ့ ဆရာ့သတ္တိ။ ဆရာ့ နှလုံးရည်ကို အလေးပြု ပါတယ်။
0
....
written by တောင်ပေါ်သား, October 05, 2010
အခုတော့ ၁၀ပါး မကပါဘူး.. အပါး ထောင်ကျော် မှောက်ကုန်ပါဘီ...

Write comment

busy
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်