ထောင်ဆိုတာကတော့ လူ့ပြည်က အပယ်ဘုံ တဘုံပါပဲ

ဦးဝင်းထိန်သည် စစ်တက္ကသိုလ် အပတ်စဉ် ၅ သင်တန်းဆင်း ဗိုလ်ကြီးဟောင်း တဦးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး၏ ကိုယ်ရေး အရာရှိ အဖြစ် ဆောင်ရွက် ခဲ့ဖူးသူ ဖြစ်သည်။ ၁၉၈၈-၈၉ နှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ် များတွင် ပါဝင်ခဲ့သည်။ ဦးဝင်းထိန်ကို ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက စတင်ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ထောင်ထဲတွင် အနှစ် ၂၀ ကျော်နေခဲ့ရသည်။ ကသာထောင်မှ နေ၍ ဇူလိုင် ၁၅ ရက်နေ့က ပြန်လည် လွတ်မြောက်ခဲ့သည့် ဦးဝင်းထိန်ကို ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်းက ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။     ။ ဦးဝင်းထိန် အခု မီဒီယာတွေမေးတာ တော်တော် ဖြေနေရမယ် ထင်တယ်။

ဖြေ။     ။ ဖြေရတာကတော့ အပ်ချည် တစကို ဆွဲထုတ်သလို ဖြစ်နေတာပေါ့။ ကျနော့် မိန်းမကတော့ လုံးဝ သဘော မတူဘူး။

မေး။     ။ ထောင်ထဲမှာ နေခဲ့ရတုန်းက ကြုံခဲ့ရတဲ့ အနေအထား၊ အစားအသောက်တွေ၊ ဆေးဝါးတွေ ရရှိမှုနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ။     ။ ၁၉၈၉ ကနေပြီး ၉၅ အထိက အဲဒါ ၅ နှစ်ခွဲ၊ ၉၆ ကနေပြီးတော့ မကြာသေးခင်က အထိ ၁၄ နှစ်နဲ့ ၂ လ ထောင်ထဲမှာ နေခဲ့ရတယ်။ မြင်းခြံထောင်မှာ၊ မန္တလေးထောင်မှာ၊ မိတ္ထီလာထောင်မှာ နေခဲ့ရတယ်။ နောက်ဆုံးလွှတ်လိုက် တာကတော့ ကသာထောင်ကပေါ့။ ထောင်ထဲမှာကတော့ အမျိုးမျိုး ကြုံခဲ့ရတာပဲ။ စောစောပိုင်းကဆိုရင် ထမင်းမဝတာမျိုးတွေတော့ ရှိခဲ့ဖူးတယ်။ ကိုယ်ကတော့ အဲဒီမဝတဲ့ ဒဏ်ကိုခံခဲ့ရပြီး ထိခဲ့တာပေါ့။ နောက်ပိုင်းတော့ အဲဒီပြဿနာ မရှိတော့ပါဘူး။ ကိုယ်ကလည်း အစားသောက် များများမစားတော့ ပြဿနာ သိပ် မရှိဘူး။ နှိပ်စက်တာတို့ ဘာတို့တော့ အခုနောက်ပိုင်း သူတို့ သိပ်မလုပ်ကြတော့ဘူး။ နည်းနည်း ပညာပြတာလေးလောက်ပဲ ရှိတာပေါ့။ ထူးထူးခြားခြားတော့ သူတို့ သိပ်မလုပ်ကြတော့ဘူး။ အပေါ်ကလည်း တားတယ်နဲ့ တူပါတယ်။

မေး။     ။ ဘယ်အချိန်လောက်အထိ အဲဒီလို နှိပ်စက်ညှဉ်းပမ်းမှုတွေ ရှိခဲ့ပါသလဲ။

ဖြေ။     ။ ၁၉၉၉ လောက်အထိတော့ ရှိဖူးတယ်။

မေး။     ။ ဦးဝင်းထိန်အနေနဲ့ ဒီတခေါက်လွတ်လာတာက လွတ်ရက်စေ့လို့လား။

ဖြေ။     ။ အဲဒီ သဘော ပါပဲ။

မေး။     ။ ၂၀၀၈ မှာတုန်းက ဦးဝင်းထိန် တခေါက်ပြန်လွတ်ခဲ့သေးတယ်နော်။ ဘာဖြစ်လို့ပြန်ဖမ်းတာပါလဲ။

ဖြေ။    ။ ကျနော့် အထင်ပြောပြမယ်နော်။ ကျနော်က ဒီနေရာမှာပြောချင်တာကတော့ ထောင်က ထွက်လာတဲ့ လူတယောက်ဟာ တပတ်နှစ်ပတ်၊ တလနှစ်လ  စိတ်က ပုံမှန်ပြန်မဖြစ်ဘူး။ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေရှိတယ်၊ စကားပြောတာ မှန်ချင်လည်း မှန်မယ်၊ မှားချင်လည်းမှားမယ်၊ ဒီ သဘောလေးကတော့ တော်တော် သဘောပေါက်ထားမှ ဖြစ်မယ်။

ကျနော့်ကို ၂၀၀၈ စက်တင်ဘာ ၂၃ မှာလွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်တော့ ကသာက ဧရာဝတီ တည်းခိုခန်းမှာ တည်းတယ်။ တည်းတော့ သူတို့ကနောက်တနေ့မှာ သင်္ဘောနဲ့ ကျနော့်ကို မန္တလေး၊ အဲဒီနောက်မှာ ရန်ကုန်ပို့ပေးမယ်လေ။ အဲဒီတော့ ကျနော်လည်း အိမ်နဲ့ တယ်လီဖုန်းတွေ ဆက်သွယ်၊ စိတ်ကတော့ ဝမ်းသာ ကျေနပ်နေတာပေါ့။ မမျှော်လင့်ဘဲနဲ့ သတင်းဌာနတခုက ဝင်လာတဲ့ အခါမှာတော့ ကျနော်က စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောလိုက်တယ်။ တရားဥပဒေ အရ လူတွေကို ၆၅ နှစ်၊ အနှစ် ၁၀၀ ချတာ၊ အဲဒါ ရုပ်ပျက်ဆင်းပျက် နိုင်လွန်းတဲ့ ကိစ္စ၊ နောက်ပြီးတော့ နိုင်ငံရေးမှာ တဘက်စောင်းနင်း လုပ်ပြီးတော့ မျှမျှတတ မရှိဘဲနဲ့ လုပ်ချင်သလို လုပ်တဲ့ကိစ္စ။ နောက် ကျန်းမာရေးစောင့်ရှောက်မှု ညံ့တဲ့ ကိစ္စ၊ အဲဒါတွေ ပြောလိုက်တယ်။ ပြောလိုက်တော့၊ နောက်နေ့ကျတော့ ရဲမှူးကြီးတယောက်က လာပြီးတော့ ခဏလောက် လိုက်ခဲ့ပါဆိုပြီး ထောင်ထဲပြန်ပို့လိုက်တယ်။

မေး။     ။ အဲဒါပြီးသွားတော့ ထောင်ထဲက တရာရုံးမှာ ပြန်စစ်သေးလား။

ဖြေ။     ။ ဘာမှ မစစ်တော့ဘူး။  အဲဒီတုန်းက ၁၄ နှစ် မပြည့်သေးဘူးလေ၊ ထောင်ထဲမှာ ၁၄ နှစ်ပြည့်တော့ လည်း မလွှတ်သေးဘူး။ နောက် ၂ လ ဆက်ထားတာ။

မေး။     ။ အဲဒါဆို ဦးဝင်းထိန်က အမိန့်ချထားတဲ့ ပြစ်ဒဏ်ထက် ပိုပြီး နေခဲ့ရတာလား။

ဖြေ။     ။ အဲဒီလို ယူဆလို့ ရပါတယ်။

မေး။     ။ ဦးဝင်းထိန် ထောင်ထဲမှာနေရတုန်းက NLD ခေါင်းဆောင် တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့ဆီက အားပေးတဲ့စာတွေ ဘာတွေကော ရဖူးပါသလား။

ဖြေ။     ။ အဲဒါကတော့ အာဏာပိုင်တွေက ခွင့်မပြုဘူး။ အိမ်ကတော့ တလတခါ လာတယ်၊ စားစရာတွေ ပို့ပေးတယ်၊ နောက် ဖတ်စရာ ဂျယ်နယ်တို့၊ စာအုပ်တို့ သွင်းပေးတယ်။

မေး။     ။ ဦးဝင်းထိန်လို စစ်တပ်အရာရှိ တယောက်အနေနဲ့ ဘယ်လိုဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဖြစ်ခဲ့တာပါလဲ။

ဖြေ။     ။ NLD ဖွဲ့တဲ့အချိန်မှာ ကျနော်က တပ်မှာ မရှိတော့ဘူး။ တပ်က ထွက်သွားပြီးပြီ။ အဲဒီအချိန်မှာ ကျနော်တို့ ဒုဥက္ကဋ္ဌ ဦးတင်ဦးရဲ့ မေတ္တာရပ်ခံချက်အရ နိုင်ငံရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီးတော့ ကူပါဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆီမှာ မြဲသွားတာပေါ့။ ၁၉၈၈၊ ၈၉ မှာ အထက်ဗမာပြည်၊ အောက်ဗမာပြည် စည်းရုံးရေး ခရီးစဉ်မှာ ပါခဲ့တယ်။ ပါပြီးတော့မှ ၈၉ မေ မှာ ရွေးချယ်တင်မြှောက်ခံရတဲ့ ပုဂ္ဂိုလ်တွေ အစည်းအဝေး လုပ်မယ်ဆိုပြီးတော့ တတိုင်းတပြည်လုံး ဖိတ်လိုက်တဲ့အခါမှာ  သူတို့က အဲ့ဒီအဖွဲ့တွေ အကုန်လုံး အကျဉ်းချုပ်ချတဲ့သူချတယ်၊ အကျယ်ချုပ်ချတဲ့သူ ချတယ်။ အဲဒီအချိန်မှာ ကျနော့်ကို ဖမ်းလိုက်တာပေါ့။ ၁၉၈၉ ဇန်နဝါရီလ ၂၀၊ အဲဒီကနေပြီးတော့ ကျနော် ၉၅ အထိ နေခဲ့ရတယ်။

မေး။     ။ အခု စစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲရယ်၊ ဒေါက်တာသန်းငြိမ်းတို့ရဲ့  NDF  ပါတီရယ်ကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။     ။ ရွေးကောက်ပွဲ ကိစ္စကတော့ ကျနော်တို့က မှတ်ပုံ မတင်ဘူးဆိုတော့ ပြောစရာမလိုတော့ဘူး၊ ပြီးသွားပြီလေ။ ဒေါက်တာသန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေတို့ကလည်း လုပ်ပိုင်ခွင့်ရှိပါတယ်၊ လုပ်ကြပါ။ ကျနော်တော့ မပတ်သက် ချင်တော့ဘူး။ မပတ်သက်ဘူးပေါ့။

မေး။     ။ ဦးဝင်းထိန် တယောက်တည်း အနေနဲ့ကော ဘာတွေဆက်လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါသလဲ။

ဖြေ။     ။ ကျနော် လောလောဆယ်တော့ ကျန်းမာရေးအတွက် ဆေးစစ်တာတွေ လုပ်ရမယ်။ နှလုံးရောဂါရှိတယ်၊ အစာအိမ်ရောဂါရှိတယ်၊ နောက်ပြီးသွေးတိုးလည်းရှိတယ်၊ အရိုးကျည်းပေါင်း တက်တော့ ဆေးက တရက်ကို ၈ မျိုးလောက်သောက်ရတယ်။ အဲဒါပြီးတော့မှ ထောင်ထဲမှာ ကျန်ခဲ့တဲ့ ဘဝတူတွေ အတွက် လူမှုရေးအထောက်ပံ့တွေလုပ်မယ် အားပေးတာတို့၊ တချို့ ဆိုလည်း တတ်နိုင်သလောက်ပိုက်ဆံတွေ ကူတာတို့ အဲဒါတွေလုပ်ပေးမယ်။

မေး။     ။ ဦးဝင်းထိန် အနေဲ့ ထောင်ထဲမှာ နေခဲ့ရတဲ့ အချိန်တွေကို စကားလုံး တလုံးတည်းနဲ့ အဓိပ္ပာယ်ပေါ်အောင် ပြောပါဆိုရင် ဘယ်လိုပြောမလဲ။

ဖြေ။     ။ အဲဒါကတော့ ဦးနိုင်းနိုင်းကို ကိုးကားရတော့ မှာပဲ။ ထောင်ဆိုတာကတော့ လူ့ပြည်က အပယ်ဘုံ တဘုံပါပဲ ခင်ဗျာ။
Comments (3)Add Comment
0
လိမ်တဲ့သူကလိမ် အလိမ် ခံချင်တဲ့သူတွေကလဲ လိုက်လုပ်
written by ah wang, July 28, 2010
ရွေးကောက်ပွဲကိုများ မျှော်လင့် တကြီး ဒီလောက်တော့ ရနိုင်ေ ကာင်းပါရဲ့..နည်း နည်းတော့ ထူးခြား လာနိုင်ပါရဲ့ ဆိုပြီး နအဖ လိမ်သမျှ လမ်းပေါ် လျှောက်လှမ်းချင်နေကြတဲ့ လူတွေကတော့ ပါတီတွေ အပြိုင်အဆိုင်ဖွဲ (့ခမောက်တောင် လုလိုက်သေးတယ်. ဒီလို လူတွေအတွက် လိမ်တဲ့လူ ရှိတာလည်း မဆန်း သလိုပါပဲလား..
0
တိုင်းပြည်အတွက် တာဝန် ကျေပါတယ် ဗျာ
written by Khun Saing, July 22, 2010
ဆရာ ဦးဝင်းထိန်ရေ ....... ........... ဦးဝင်းထိန် ရဲ့ ရပ်တည်ချက်တွေ ဟာ ဆက်လက် မှန်ကန်နေပြီး တိုင်းပြည် အတွက် တကယ် လိုအပ်တဲ့ လူထု ဘက်က ရပ်တဲ့ တပ်မတော်သားကောင်း အဖြစ် တာဝန်ကျေခဲ့ ပါတယ်။ တာဝန် ကျေဆဲပါဗျာ ။ ရတဲ့ နေရာကနေ ဆရာ့ကို အကြိမ်ကြိမ် အလေးပြု ဦးညွတ် လိုက်ပါတယ်။ ပျော်စရာ မိသားစုဘ၀ ကို ဘယ်လို စွန့်လွှတ်ခဲ့ ရတယ် ဆိုတာ ရင်ကွဲတိုက်က ဆရာ ဇာတ်လမ်း လေးတွေက- အနှစ် ၂၀ ကြာပေမယ့် ကျွန်တော်တို့ အတွက် သတိတရ ရှိနေတုန်းပါ ဆရာ။ (ခွန်ဆိုင်း)
0
another great soldier
written by Tuumar, July 21, 2010
U Win Htein, who expelled from army and put in jail with Capt. Ohn Kyaw Myint and others is one of the rare but great soldiers, as his former superior former Gen. U Tin Oo.
Burmese army needs many of such great soldiers who truly are people's sons.

Congratulations on what you tried and did for Burma U Win Htein.
I wish you the best health and all the luck in future.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်