မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် လည်ပတ်

မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး Pak Ui Chun သည် ၂၅ နှစ်တာ အတွင်း ပထမဆုံး အကြိမ် အဆင့်မြင့် အရာရှိအဖြစ် မြန်မာနိုင်ငံသို့ ယနေ့ အလည် အပတ် လာရောက်ကြောင်း သတင်းရရှိသည်။

Pak-Ui-Chunအရှေ့တောင် အာရှ ၄ နိုင်ငံ အလည် အပတ် ခရီးစဉ် အတွင်း လာအို နိုင်ငံမှ တဆင့် မြန်မာ နိုင်ငံသို့ ရောက်ရှိ လာခြင်း ဖြစ်ကြောင်း သတင်းထောက်နှင့် သံတမန် အသိုင်း အဝိုင်းက ဆိုသည်။ 

မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးသည် ပြီးခဲ့သည့် တပတ်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သော အာဆီယံ ဒေသတွင်း ဆိုင်ရာ ဆွေးနွေးပွဲ (ARF) အစည်း အဝေးကို တက်ရောက် ခဲ့ပြီးနောက် အရှေ့တောင် အာရှ ၄ နိုင်ငံ ခရီးစဉ်ကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာဆီယံ၏ နိုင်ငံခြားရေး ၀န်ကြီးများနှင့် တခြား နိုင်ငံများ တက်ရောက်သည့် မြောက်ကိုရီးယားသည် ARF အစည်းအဝေးကို မတက် ရောက်သည်မှာ ၂ နှစ်ခန့် ရှိပြီး ဖြစ်သည်။

မြန်မာ စစ်အစိုးရ ထိန်းချုပ်ထားသော မီဒီယာများနှင့် မြောက်ကိုရီးယား သတင်းဌာနများတွင် Pak Ui Chun ၏  ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ် ထုတ်ဖော်ရေးသားမှုများ မတွေ့ရပေ။

ARF အစည်းအဝေးအပြီး၌ နိုင်ငံခြားရေး ၀န်ကြီး Pak Ui Chun သည် ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်မည်ဟု မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာန Korean Central News Agency မှ ဇူလိုင်လ ၂၀ ရက်နေ့တွင် သတင်းအကျဉ်းချုပ်သာ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်တွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တခြား အဆင့်မြင့် အရာရှိများကို သွားရောက်မတွေ့ဆုံမီ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမျှော်ကြောင်း AP သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာပြည် ခရီးစဉ် အပြီးတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ သြဂုတ်လ ၃ ရက်မှ ၄ ရက်နေ့ အထိ ကျင်းပမည့် ထောင်စုနှစ် ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက်များနှင့် ပတ်သက်၍ ၀န်ကြီးများအဆင့် အထူးအစည်းအဝေးသို့ ဆက်လက် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Pak Ui Chun သည် ၁၉၇၂ ခုနှစ်မှစ၍ မြောက်ကိုရီးယား သံအမတ်အဖြစ် အယ်လ်ဂျီးရီးယား၊ ဆီးရီးယားနှင့် ဘက်ဘနွန် နိုင်ငံများတွင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ မှ ၂၀၀၇ အထိ ရုရှနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ကလင်တန် က “မြောက်ကိုရီးယားက မြန်မာစစ်အစိုးရကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့နေတာကို အားလုံးက စိုးရိမ်နေကြတယ်” ဟု ARF အစည်းအဝေးအတွင်း ဗီယက်နမ် နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံအပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

၁၉၈၃ ခုနှစ်နှစ်တွင် မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့် အဖွဲ့အား ရန်ကုန်မြို့အာဇာနည် ဗိမာန်တွင် မြောက်ကိုရီးယား ကွန်မန်ဒိုတို့က ဗုံးခွဲတိုက်ခိုက်ရာ သမ္မတ ချန်ဒူးဝမ် သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီး ၄ ဦး အပါအ၀င် ၂၁ ဦး သေဆုံးပြီး နောက်ပိုင်း မြန်မာနှင့် မြောက်ကိုရီးယား သံတမန် ဆက်ဆံရေး ရပ်သွားခဲ့သည်။

ရန်ကုန် အာဇာနည် ဗိမာန် ဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ၂၅ နှစ်အကြာတွင် မြောက်ကိုရီးယားသည် တရားဝင် လူသိရှင်ကြား တောင်းပန်ခြင်း မရှိသော်လည်း စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက်ကြောင့် အာဏာရှင် နှစ်နိုင်ငံသည် သံတမန် ဆက်သွယ်ရေး သာမက စစ်ရေး ဆက်နွယ်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။

မကြာသေးသော နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင် ခဲ့ခြင်း ဖြစ်သည်။ 

မြောက်ကိုးရီယား နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ နောက်ဆုံး တရားဝင်လာရောက်မှုသည် ၂၀၀၈ နိုဝင်ဘာလ၌ ဖြစ်ပြီး မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ကင်ရန်အီနှင့် မြန်မာ အာဏာပိုင်တို့က ၂ နိုင်ငံ အစိုးရ အရာရှိကြီးများ အတွက် ဗီဇာကင်း လွတ်ခွင့်ကို သဘောတူခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း၌ပင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။

လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ၂၀၀၉ ခုနှစ် ဇွန်လတွင် ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။

စစ်အစိုးရ လျှို့ဝှက်လုပ်ဆောင်နေသော နျူကလီးယား လက်နက် ထုတ်လုပ်ရေး အစီအစဉ်ကို ယခုနှစ် ဇွန်လအတွင်း အယ်လ်ဂျာဇီးယား ရုပ်သံဌာနက ဖော်ပြခဲ့ပြီးနောက် စစ်အစိုးရက ထိုသတင်းသည် လီဆယ် လုပ်ကြံမှုသာ ဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာမှတဆင့် ငြင်းဆိုခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့ မြောက်ကိုရီးယား သံရုံးက စီစဉ် ကျင်းပရာ မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း မွေးနေ့အတွက် သ၀ဏ်လွှာတစောင် ထုတ်ပြန်ခဲ့သည်။
Comments (5)Add Comment
0
အဆင့်မရှိ
written by သူရိန်, August 03, 2010
ဗိုလ်သန်းရွှေလေ အရမ်းကို တက်ကြွတယ်လေ...ကိုယ့်နိုင်ငံရဲ့ အာဇာနည်ေ ခါင်းဆောင်ြ ကီးတွေ လဲလျော င်းရာ
နေရာမှာ မတော် မတရား ဗုံးခွဲသွားတဲ့ ဟာတွေကို တခုတ် တရနဲ့ ကြိုဆိုနေ ကြတယ်...

အဲဒီ ဖြစ်ရပ်ကို ခုချိန်ထိ တောင်းပန် တာမျိုး မလုပ်
0
THIS IS BIG MISTAKE
written by david adhihikari, August 01, 2010
smilies/tongue.gif Something is wrong. I think they are very happy to accept him( Mr.N.Korean) as their Grandfather.smilies/tongue.gif
0
အရှက်ရှိရင် ..
written by ရဲမာန်, July 30, 2010
သင်းတို့ ငါတို့ အာဇာနည်ကုန်းမှာ ဘာလုပ်ခဲ့သလဲ...

သင်္ကြန် တုန်းက ခွဲခဲ့တဲ့ ဗုံးက အခုမှ ပေါက်ရမှာ....

မတန်လို က်လေခြင်း...။
0
မာန်နတ် ကိုယ်စားလှယ် ရောက်လာပြီ
written by Thazin Pyu, July 30, 2010
ဒီတစ်ခါတော့ ဗုံးခွဲမှာ မဟုတ်ဘူး- -- ဗုံးက လူ(4-5)ယောက်လောက် သေတာ ဒီတစ်ခါ သူပေးခဲ့မှာက မြန်မာပြည် တနိုင်ငံလုံး ဖွတ်ဖြစ်မဲ့ အဏုမြူ စီမံကိန်းတွေ ဖြစ်လိမ့်မယ် - သံပုံးတီး နှင်ထုတ်ကြပါ--
0
ဟဟ..
written by Burmese, July 30, 2010
မလာပါနဲ့  ခင်ဗျား တို့ ကို မြန်မာပြ ည်က လူတစ်စုက လွဲပြီး ဘယ်သူမှ မကြိုဆိုဘူး။

Write comment

busy
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်